Showing posts with label Christmas. Show all posts
Showing posts with label Christmas. Show all posts

Friday, October 11, 2019

ပျော်ပျော်နေပါ။ BE HAPPY!



 ပျော်ပျော်နေပါ။
            လောကမှာ လူတွေပျော်နေကြပါသလား။ အများစုကတော့ဝမ်းနည်းနေ၊ ညည်းတွားနေ၊ စိတ်ပျက်နေကြတာပါ။ ခဏတာ လူ့ဘဝကလေးကို ပျော်ပျော်မဖြတ်နိုင်ဘဲ ၀မ်းနည်းစွာ ဖြတ်နေကြရတာပါ။ နေ့တိုင်း ပျော်ရွှင်နိုင်ဖို့ရာကတော့…

၁။ ရောင့်ရဲပါ။
            “ငွေ ကိုတပ်မက်ခြင်းသည် မကောင်းသောအမှု  အပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။” လို့ ကျမ်းစာကဆိုပါတယ်။ ငွေမက်တော့ မကောင်းတာလုပ်ဖို့ အသင့်ဖြစ်နေတတ်တယ်။ ငွေမက်တော့ ပူပန် စိတ်တွေ ၀င်လာပြီး မပျော်နိုင်ဖြစ်ရတာပါ။
             “ဆူအောင်ကျွေးသော နွားတစ်ကောင်လုံးကို အချင်းချင်းအငြိုးထား သောစိတ်နှင့် စားရသည်ထက်၊ ချစ်ခြင်းမေတ္တာပါသော ဟင်းရွက်တစ်နပ်စာသည် သာ၍ ကောင်း၏။” လို့ ကျမ်းစာကဆိုပါတယ်။ ဒါကြောင့် “စားရန်၊ ၀တ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက်နှင့် နေကြကုန်အံ့” ဆိုတဲ့ ကျမ်းစကားလိုနေကြရင်တော့ အတော် အတန်ပျော်ရွှင်လာနိုင်မှာပါ။

၂။အကောင်းမြင်တတ်ပါ။

                  တွေ့ကြုံရတဲ့အခြေအနေတွေအပေါ်မှာ လူတွေရဲ့သဘောထားပုံ နှစ်မျိုးကွဲ နေပါ တယ်။ အကောင်းမြင်သဘော Positive thinking နဲ့ အဆိုးမြင်သဘော Negative thinking တို့ပါပဲ။ ကလေးနှစ်ယောက်ကို လိမ္မော်သီး တစ်လုံးစီ ပေးတဲ့အခါ၊ တစ်ယောက်က လိမ္မော်သီးတစ်လုံးစား ရလို့ ပျော်နေတယ်။ ကျန်တစ်ယောက်ကတော့ နှစ်လုံး မရ လို့ စိတ်ညစ်နေတယ်။ နွားနို့ ဖန်ခွက်တစ်ဝက်စီ ဝေတိုက်တော့၊ တစ်ယောက်က  ခွက် တစ်ဝက််သောက်ရလို့ ပျော်နေတယ်။ ကျန်တစ်ယောက်ကတော့ နှစ်ယောက်ဝေရလို့ တစ်ဝက်ပဲရတယ်ဆိုပြီး စိတ်ညစ်နေပါတယ်။
                  နှင်းဆီခြံနားဖြတ်သွားကြတော့ တစ်ယောက်က “နှင်းဆီပန်းတွေလှလိုက်တာ၊ အတော်မွှေးမှာပဲ” ဆိုပြီး ကျန်တစ်ယောက်ကတော့ “ဆူးတွေနဲ့နော်၊ စူးလိမ့်မယ်” လို့စိုးရိမ်နေပါတယ်။ တောအုပ်တစ်ခုကို ဖြတ်သွားကြရာမှာတော့ ပျားအုံတစ်အုံတွေ့ပါတယ်။ တစ်ယောက်က “ပျားရည်ရှိလောက်တယ်။ အတော်ချိုမှာပဲ” တဲ့။ ကျန်တစ်ယောက်ကတော့ “ပျားတုပ်မယ်နော် သတိထား” လို့စိုးရိမ်နေပါတယ်။ ကိုယ့်ဘဝ၊ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်ကို ကြည့်တဲ့အခါ အကောင်းမြင် သဘော နဲ့ကြည့်ပါ။ အတော်အတန်ပျော်ရွှင်လာနိုင်မှာပါ။

၃။ကောင်းတာတွေကြိုးစားလုပ်ပါ။
                  ကျွန်တော်တော့ ဘဝတစ်ခုလုံးကောင်းတာတွေလုပ်ဖို့ပဲ ဆုံးဖြတ်အားယူထားပါတယ်။ အကူအညီလိုသူ၊ အခက်ခဲကြံုသူ၊ ဝေဒနာခံစားနေရသူ၊ ဆာလောင်မွတ်သိပ်သူတွေအတွက် တတ်နိုင်သမျှ ကူညီဖို့ အားခဲထားပါတယ်။ ဒီလိုပေးလှူကူညီရာမှာ ဘာသာရေးအဆောက်အဦးတွေထက် ဘာသာဝင်လူတွေကို ပိုပေးလှူကူညီဖို့မြင်တတ်ရပါမယ်။ “ဘာသာတရားက တအားချမ်းသာနေပြီး၊ ဘာသာဝင်တွေဆင်းရဲနေရင်၊ အဲဒီဘာသာတရားဟာ အမှောင်ဖုံးနေပြီ”လို့ Dr.Curtis Hutson ကဆိုပါတယ်။ ဘုရားရှိခိုးကျောင်းကြီးတော ့ဟိန်းနေအောင် ဆောက်ထားကြပေမယ့်၊ ဘာသာဝင်မုဆိုးမတွေ၊ မိဘမဲ့၊ မသန်မစွမ်းသူတွေ၊ ဆွေမျိုးပေါက်ဖော်မဲ့သူတွေ စားရမဲ့သောက်ရမဲ့ဖြစ်နေကြရင် ဘယ်ကောင်းပါ့မလဲ။ ဘုရားသခင်ရဲ့ အဓိကစေတနာက သူချစ်တဲ့လူသားတွေကို ချစ်ကြ၊ ကြင်နာကြ၊ ရိုင်းပင်းကြဖို့ပါ။
                 ကောင်းတာတွေ ကြိုးစားလုပ်တဲ့အခါ၊ ထူးခြားတာက ကိုယ်မကောင်းတာကို ပိုသိလာတာပါဘဲ။ ကိုယ့်အသိစိတ် Conscience ကပြောလာတာပါ။ ကောင်းတာတွေ လုပ်လေလေ၊ ကိုယ်မကောင်းမှန်းသိ လာလေလေပါ။ တစ်ချို့က “ငါက အခုသာ ကောင်းတာမလုပ်ဖြစ်သေးတာ။ တစ်ချိန်ကျရင်တော့ ကောင်းတာတွေလုပ်ဦးမယ်´ လို့ ပြောတတ်ပါတယ်။ လုပ်ကြည့်ပါ။ ကိုယ်မကောင်းတာကို ပိုပိုသိလာမှာပါ။ ဒါကြောင့် “ကုသိုလ်တပဲ ငရဲတစ်ပိဿာ” လို့ သတိစကားလေး ရှေးလူတွေ ထားခဲ့ကြတာပါ။ အဲဒီတော ကောင်းတာလုပ်ပေမယ့် ပျော်သလားဆိုတော့ အမြဲမပျော်နိုင်ပါဘူး။ အဲဒီအပြင် ကိုယ်ကျေးဇူး ပြုသူတွေထဲမှာ သစ္စာမရှိသူတွေ၊ ကျေးဇူးမသိသူတွေ အကောင်းမမြင်တတ်သူတွေလည်း အများကြီးရှိနေနိုင်သေးတယ် မဟုတ်လား။

၄။အမြဲတည်မယ့် အရာတွေကိုရှာပါ ။
                  မျက်စိနဲ့မြင်ရတဲ့အရာတွေဟာ မမြဲပါဘူး။ မမြင်ရတာတွေက မြဲပါတယ်။ မြေကြီးနဲ့ဖန်ဆင်းထားတဲ့ ကိုယ်ခန္ဓာဟာ မမြဲပါဘူး။ အဲဒီကိုယ်ထဲက ၀ိညာဉ်ကတော့ ထာဝရတည်မြဲနေပါတယ်။ လက်ရှိ လူ့ဘဝဟာ ခဏတာပါ။ တမလွန်ကတော့ ထာဝရပါ။
                  အပြစ်ရှိလို့ ငရဲသွားထိုက်ပေမယ့် ဘုရားကကယ်မလို့၊ ဘုရားကျေးဇူးတော်ကြောင့် ငရဲမသွားရ၊ ကောင်းကင်ရောက်မယ်လို့ စိတ်ချရရင်ပျော်စရာပါ။ ဒီလိုပျော်ရအောင် ဘုရားသခင် ပြင်ဆင်ပေးခဲ့ပါပြီ။
                 ဘုရားသခင်ရဲ့ တစ်ပါးတည်းသောသားတော်ကို ဒီလောကထဲလွှတ်ပြီး၊ လူတွေအတွက် ကိုယ်စားအသေခံပေးခဲ့ပါတယ်။ ကျွန်တော်တို့မွေးတဲ့နေ့ကနေ-သေတဲ့နေ့အထိလုပ်တဲ့ အပြစ်တွေအားလုံးရဲ့ ပြစ်ဒဏ်ကတော့ သေဒဏ်ပါ။ အဲဒီသေဒဏ်ကို ကိုယ်စားအသေခံပေးခဲ့တာပါ။ လူစားထိုးခဲ့တာပါ။ အဲဒီလို အသေခံကယ်ပြီးမှ ဘုရားသခင်ကသားတော်ကို ရှင်ပြန်ထမြောက်အသက်ပြန်ရှင်စေပြီး ကောင်းကင်မှာ နေရာပြန် ပေးခဲ့ပါတယ်။ ဘုရားသားတော်သခင်ယေရှုကယ်တာကို လက်ခံရင်ကောင်းကင်မှာ နေစရာအခန်းတွေ ပြင်ထားပေးမယ်။ မစိုးရိမ်နဲ့လို့ဂတိပေးထားပါတယ်။ တည်မြဲတဲ့ကောင်းကင်အိမ်မှာနေဖို့ အခုလိုဆုတောင်းပါ။

အဘဘုရားသခင်
ကောင်းကင်ဘုံမှာနေချင်ပါတယ်။
သားတော်သခင်ယေရှုကယ်ခဲ့လို့ကျေးဇူးတင်ပါတယ်။
ဆက်လက်မစတော်မူပါ။ အာမင်။

                      ဒီလိုစိတ်ရင်းမှန်နဲ့ ဆုတောင်းလိုက်တာနဲ့၊ ဘုရားသခင်ဂတိထားတဲ့အတိုင်း ကောင်း ကင်အရပ်မှာ နေရာရသွားပါပြီ။ ၀မ်းသာစရာပါ။ နောက်တစ်ခု ဒီလောကမှာနေ့တိုင်း ပျော်ရွှင်ဖို့ရာတော့ “သခင်ယေရှု ကျွန်တော့စိတ်ကိုအုပ်စိုးပါ” လို့ နေ့တိုင်း ဆုတောင်း ၀န်ခံရင်တော့ မျက်မြင်အရာတွေအပေါ် ကြည့်ပျော်နေတဲ့အပျော်မျိုးမဟုတ်တော့ပဲ၊ အခြေအနေပေါ်မူမတည်တဲ့ အံ့သြစရာ ပျော်ရွှင်ကြည်နူးမှုတွေ ခံစားလာရမှာပါ။

ပျော်ရွှင်နိုင်ပါစေ။

မေတ္တာဖြင့်၊

ဆရာထိန်ဝင်းအိ၊
အောင်လံနှစ်ခြင်းအသင်းတော်။
BE HAPPY!       By. Saya Htein Win Ei

GOD’S GREATEST GIFT - ဘုရားသခင်ပေးတဲ့ ခရစ်စမတ်လက်ဆောင်


GOD’S GREATEST GIFT - ဘုရားသခင်ပေးတဲ့ ခရစ်စမတ်လက်ဆောင်
လူတွေအတွက် အရေးအကြီးဆုံး၊ အလိုအပ်ဆုံး၊ တန်ဖိုးအကြီးမားဆုံး၊ အကောင်းဆုံး လက်ဆောင်တခုကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ခန့်က ဘုရားသခင် စတင် ပေးသနားခဲ့ပါတယ်။ ဒီကနေ့အထိလည်း ပေးနေဆဲပါပဲ။ အဲဒီလက်ဆောင်ဟာ…….

(၁) အားလုံးအတွက်
                   ဘုရားသခင်က ဒီလက်ဆောင်ကို စိတ်ကြိုက်လူတချို့ကိုသာ ပေးခဲ့တာမဟုတ်ပါဘူး။ လူမျိုးတမျိုးတည်းကိုသာ ပေးခဲ့တာလည်း မဟုတ်ဘူး။

                  ယောကျင်္ား မိန်းမမရွေး၊ ပျိုပျိုအိုအို၊ ကလေးတွေတောင် ရနိုင်ပါတယ်။ ပညာတတ်တွေကို ပေးသလို၊ ပညာမတတ်သူတွေလည်း ရနိုင်ပါတယ်။ လှတဲ့သူ ရနိုင်သလို၊ မလှတဲ့သူလည်း ရနိုင်ပါတယ်။ အသားအရာင် မခွဲခြားပဲ၊ အသားဖြူ၊ အသားညို၊ အသားမဲ၊ အသားဝါ လူမျိုးစုံကို ပေးနေတာပါ။
ဘုရားပေးတဲ့ လက်ဆောင်ထိုက်သူဆိုတာ လောကမှာမရှိပါဘူး။ အားလုံးရထိုက်သူတွေပါ။

(၂) လက်ဆောင်
                 ဘုရားသခင်ပေးတဲ့ လက်ဆောင်ဟာ လောကအရာတွေလို ဟောင်းနွမ်းပျက်စီးမသွားဘူး။ သံချေး၊ ပိုးရွမတက်သလို၊ သူခိုးလည်း ထွင်းဖေါက်မခိုးယူနိုင်ပါဘူး။

                 ဘာကြောင့်လဲ? ဘုရားသခင်က သူ့ရဲ့ တပါးတည်းသောသားတော်ကို လက်ဆောင်အဖြစ်ပေးနေလို့ပါ။ ဘုရားသခင်ရဲ့သားတော်ဟာ လူ့လောကကို ကြွလာခဲ့ရတယ်။ အကြောင်းက - လူတွေရဲ့ အပြစ်ကြွေးကို ကိုယ်စား အသေခံပေးဆပ်ပေးဖို့ပါ။
               အပြစ်ရဲ့အခဟာ သေခြင်းပါ။ အပြစ်လုပ်သူဟာ သေထိုက်ပါတယ်။ ဘုရားသားတော်က အားလုံးကိုယ်စား လူစားထိုးအသေခံပေးခဲ့ရတာပါ။  အသေခံပေးလို့ င်္သဂြိုဟ်ပြီးမှ ၃ ရက်မြောက်တဲ့နေ့မှာ အသက်ပြန်ရှင်တော်မူခဲ့ပါတယ်။ ရက် ၄၀ အကြာမှ ကောင်းကင်ထက််ကို ပြန်လည်တက်ကြွတော်မူခဲ့ပါတယ်။

              အဲဒီလိုကြွလာခဲ့တာဟာ `အော်- ငါ့ကို လာကယ်တာပါလား ´ လို့ စိတ်ထဲက အသိအမှတ်ပြုရင်၊ ဘုရားသားတော် ကယ်တင်ရှင်ကို လက်ခံတာ၊ အကယ်ခံတာပါပဲ။
လူလူချင်း လက်ဆောင်ပေးရင် ဘူးတွေနဲ့ ထုပ်ပေးတတ်လို့၊အထဲမှာ ဘာတွေပါသလဲ၊ မုန့်လား? အ
တ်အထည်လား? ပစ္စည်းတခုခုလား? ဆိုပြီး စိတ်လှုပ်ရှားစွာ ဖွင့်ကြရတာပါ။

ဒီလိုပါပဲ။ ဘုရားသခင်က သားတော်ကို ပေးပါတယ်။ သားတော်အထဲမှာ ဘာပါသလဲ? `ထာဝရအသက်´ပါပါတယ်။  `ထာဝရအသက်´ ဆိုတာ ဘာလဲ?..
             ထာဝရအသက်ဆိုတာ သေတဲ့နေမှာ ငရဲမလားတော့ဘူး။ အပြစ်ဒဏ်မခံရတော့ဘူး။ မအို၊ မနာ၊ မသေတော့ပဲ ကောင်းကင်ဘုံထက်မှာ ဘုရားသခင်ကို ဖူးမြော်ပြီး၊ ထာဝရ ပျော်ရွှင်စွာ အသက်ရှင်ရခြင်းပါပဲ။
`သားတော်ကိုရသောသူသည် အသက်ကိုရ၏။´
(၃) အခမဲ့
            ဘုရားသခင်က ထာဝရအသက်ကို ရောင်းတာမဟုတ်ပါ။ ဒါကြောင့် အလှူငွေများများပေးပြီး ၀ယ်စရာမလိုပါဘူး။
            ဆုပေးတာမဟုတ်လို့ ဘုရားကြိုက်မယ်ထင်တာတွေ ကြိုးစားလုပ်ပြီး မြော်လင့်နေဖို့မလိုပါဘူး။
ဘုရားသခင်က သင့်ကို တရားပြနေတာမဟုတ်သလို၊ ပညတ်တွေ ချပြနေတာမဟုတ်ဘူး။

 ဘုရားသခင်က လူတွေကို ကောင်းကောင်းနေစေချင်ပေမယ့် အမိ၀မ်းထဲကတည်းက အပြစ်လုပ်ချင်တဲ့ ဗီဇပါနေကြတဲ့ အတွက် ….. `ကောင်းကောင်းနေမှ ပေးမယ်ကွာ´ လို့လည်း အကြပ်ကိုင်တော်မမူပါဘူး။
ဘာသာဝင်ခိုင်းနေတာမဟုတ်ဘူး။ ဘုရားသခင်က သနားလို့ လက်ဆောင်ပေးနေတာပါ။
(၄) လက်ခံကြပါစို့

            လက်ဆောင်ဆိုတာ လက်ခံလိုက်ရုံပဲ။ လက်ခံလိုက်ရင် ရတာပါပဲ။ ဘုရားပေးလို့ ကိုယ်ရတာပါ။

ဒါပေမယ့် ပေးတဲ့သူက ဘယ်လောက်ရက်ရက်ရောရော စေတနာနဲ့ပေးပေမယ့် လက်ခံရမယ့်သူက ငြင်းနေရင်တော့ အလကားပဲပေါ့။ ဘုရားကပေးရဲ့သားနဲ့ မရတာဟာ မထိုက်တန်လို့မဟုတ်ပဲ၊ လက်မခံလို့သာ မရတာပါ။ ဘုရားသခင်ပေးတဲ့ လက်ဆောင်ကို လက်ခံဖို့ရာ အခုလို ရိုးရိုးကလေး ဆုတောင်းလိုက်ပါ။

`ဘုရားသခင်
ကျွန်တော် အပြစ်သားပါ။
ငရဲသွားထိုက်ပါတယ်။ ဒါပေမယ့်
သားတော် သခင်ယေရှုကို အခု လက်ခံပါပြီ။
ထာဝရအသက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အဘ။´


              ဒီလို ဆုတောင်းလိုက်တဲ့အခါ ဘုရားသခင်ပေးတဲ့ ခရစ်စမတ်လက်ဆောင်ကို ရပါပြီ။ သားတော်ကို ရပြီ။ ထာဝရအသက်ကို ရပြီ။ ဘုရားသခင်က ကျမ်းစာထဲမှာ ဂတိပေးထားပါတယ်။

` ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကို ပေးတော်မူ၍ ထိုအသက်သည်လည်း သားတော်၌ပါ၏။ သားတော်ကို ရသောသူသည် အသက်ကိုရ၏။ သားတော်ကိုမရသောသူမူကား အသက်ကိုမရ။´ ၁ ယော ၅း ၁၁-၁၂။

အောင်လံနှစ်ခြင်းအသင်းတော်
စမ်းချောင်းရပ်၊ အောင်လံ။
GOD’S GREATEST GIFT
By Saya Htein Win Ei.

Joy to the world - လောကဝမ်းမြောက် ဘုရားကြွလာ

Joy to the World! The Lord Is Come

လောကဝမ်းမြောက်၊ ဘုရားကြွလာ

Isaac Watts - အိုက်ဇက် ဝပ်စ်
Facts:
    Lyricist စာသား: Isaac Watts
    Lyrics Date: 1719
    Arranger: Lowell Mason
    Key: D
    Theme: Christmas, Christ's birth ခရစ်စမတ်၊ ခရစ်တော် ဖွါးမြင်တော်မူခြင်း
    Composer သံစဉ် : G. F. Handel
    Music Date: 1742
    Arranged Date: 1836
    Tune Title: ANTIOCH
    Meter: C.M.rep
    Scripture: Psalm 98 ဆာလံ ၉၈

Isaac Watts ဟာ အင်္ဂလိပ် ခရစ်ယာန် ဓမ္မသီချင်းရေးဆရာ၊ ဓမ္မပညာရှင်နဲ့ ယုတ္တိဗေဒပညာရှင် တယောက်ဖြစ်ပါတယ်။ သီချင်းရေးရာမှာ အောင်မြင်ပြီး ဧဝံဂေလိကို အထောက်အကူပြုတဲ့ သီချင်းတွေ ရေးခဲ့တယ်။ သူ့ကို အင်္ဂလိပ် ဓမ္မသီချင်းများရဲ့ ဖခင် "Father of English Hymnody" လို့ အသိအမှတ် ပြုကြတယ်။ အပုဒ်ပေါင်း ရ၅၀ လောက် ရေးခဲ့သူပါ။

"Joy to the World" ဆိုတဲ့သီချင်းကို Isaac Watts ရေးဖွဲ့တယ်။ ခရစ်စမတ် သီချင်းတွေထဲမှာ လူကြိုက်များတဲ့ သီချင်းဖြစ်တယ်။ ရေးတုန်းကတော့ Watts က ခရစ်စမတ် သီချင်းရယ်လို့
 ရေးခဲ့တာမဟုတ်ဘူး။ ဆာလံ ၉၈ ကို မှီးရေးခြင်းသာ ဖြစ်ပါတယ်။

 "Shout for joy to the Lord, all the earth . . . for he comes. . ." (vs. 4, 9).
"မြေကြီးသားအပေါင်းတို့  ...... ရွှင်လန်းစွာ သီချင်းဆိုလျက် ချီးမွမ်းကြလော့။ ..... အကြောင်းမူကား ...  ကြွလာတော်မူ၏။"

Watts က ခရစ်တော် ဒုတိယကြွလာခြင်းအကြောင်း ပြောရင်းနဲ့ သူ့စာသားထဲမှာ ခရစ်စမတ်နဲ့ဆိုင်တဲ့ စကားလုံးတွေ ထည့်ထားတယ်။
 "Joy to the world! the Lord is come . . . Let every heart prepare him room." ကိုယ်တော်အတွက် နေရာပေးတယ်ဆိုတာ ဘယ်အချိန်ဖြစ်ဖြစ် ပေးလို့ရပါတယ်။ ပြင်ပအရာတွေ ဆွဲဆောင်လွန်းတဲ့ ခရစ်စမတ်မှာတော့ ပြောဖို့ အလိုဆုံးအချိန်ပေါ့။  ခရစ်တော် ပထမအကြိမ်      ကြွလာရာမှာ နှိမ့်ချစွာလာခဲ့တယ်။ ဒုတိယအကြိမ်ကတော့ တရားစီရင်ဖို့ ဖြစ်ပါတယ်။ ဒီအချက်ကို စဉ်စားရင်း "လောက  ဝမ်းမြောက် ဘုရားကြွလာလို့" "Joy to the world! the Lord is come" နှလုံးသားမှာ ဝမ်းမြောက်နိုင်ပါစေ။

Hymn Story သီချင်းသမိုင်း။

Isaac Watts ဟာ ကျန်းမာရေး ယို့ယွင်းလာတဲ့အတွက် တရားဟောတဲ့ အလုပ်ကို လျှော့ချလိုက်တယ်။ တခြားအလုပ်တခုအဖြစ် ဆာလံသီချင်းတွေကို ခရစ်ယာန်အမြင်နဲ့ ပြန်ရေးလိုက်တယ်။ အသက် ၄၅ နှစ်အရွယ်မှာ ရင်းနှီးတဲ့ မိတ်ဆွေတွေရဲ့ ခြံထဲက သစ်ပင်ကြီးအောက်မှာ "Joy to the World" ဆိုတဲ့ နောင်မှာ နာမည်ကြီးလာမယ့် သီချင်းစာသားတွေကို ရေးခဲ့ပါတယ်။ သူ့ရဲ့ 1719 hymnal, Psalms of David ဆိုတဲ့ သီချင်းတွေဟာ ဓမ္မသစ် အသုံးအနှုံးတွေနဲ့ ရေးသားထားပြီး၊ မူလ သီချင်း စာသား ခေါင်းစဉ်ကတော့  "The Messiah's Coming and Kingdom" ဖြစ်ပါတယ်။

 Watts က "Joy to the World" ရေးရာမှာ ဆာလံ ၉၈ ရဲ့ "မြေကြီးသားအပေါင်းတို့  ...... ရွှင်လန်းစွာ သီချင်းဆိုလျက် ချီးမွမ်းကြလော့။ မြစ်တို့သည် လက်ခုပ်တီး၍ တောင်ရှိသမျှတို့သည်လည်း ရွှင်လန်းကြစေ။ Shout for joy to the Lord all the earth, . . . Let the rivers clap their hands, let the mountains sing together for joy; let them sing before the Lord, for he comes to judge the earth." (vs. 4, 8) ကို အခြေခံခဲ့ပါတယ်။

ဆာလံ ၉၈ ဟာ ဘုရားရဲ့ကွယ်ကာခြင်းနဲ့ ရွေးကောက်ထားသူတွေကို ပြန်လည် နေရာပေးတဲ့အကြောင်း ဖွဲ့ဆိုထားပါတယ်။  Watts ရဲ့ သီချင်းကတော့ ဘုရားသားတော် လူ့ဇာတိခံခြင်းကြောင့် ရလာတဲ့ ကယ်တင်ခြင်းကို ချီးမွမ်းထားခြင်း ဖြစ်ပါတယ်။ ဆာလံရော၊ အခုသီချင်းပါ ခရစ်တော် ကြွလာခြင်းကို မြော်လင့်ပါတယ်။  "တရားစီရင်ခြင်းငှါ  ကြွလာတော်မူ၏။" " (v. 9)

"Joy to the World" မှာ တခြား ကျမ်းချက်တွေလည်း ပါပါတယ်။ ကမ္ဘာ ၃း ၁၇၊ ရောမ ၅း ၂၀ နဲ့ လုကာ ၂း ၁၀။ ဒါပေမယ့် မာရိ၊ ယောသပ်၊ သိုးထိန်းတွေ၊ ကောင်းကင်တမန်တွေ၊ ပညာရှိတွေ၊ နွားစာခွက်တွေ မပါပေမယ့်လူတွေ အနှစ်သက်ဆုံး ခရစ်စမတ် carol သီချင်းတပုဒ် ဖြစ်ပါတယ်။ ခရစ်တော် ဖွါးမြင်ခြင်းကို ကျင်းပကြတဲ့ ခရစ်စမတ်ကာလမှာ Watts ရဲ့ ဓမ္မတေးက ကာ်တင်ရှင် ကြွလာလို့ လူတွေ ဝမ်းမြောက်ရတာကို လှလှပပ ပုံဖေါ်ထားပါတယ်။
## https://songsandhymns.org/ မှ

Thursday, October 10, 2019

Silent Night, Holy Night (Translated into Burmese)

တိတ်ဆိတ်ည၊ သန့်ရှင်းည

Facts:

 Lyricist စာသား : Joseph Mohr
    Lyrics Date: 1816
    Translator
    Key: C
    Theme အကြောင်းအရာ : Christ's Birth ခရစ်တော်ဖွါးမြင်ခြင်း
    Additional Resources
    Composer တေးသွား :Franz Gruber
    Music Date: 1818
    Tune Title: STILLE NACHT
    Meter: irregular
    Scripture ကျမ်းချက်  :  လုကာ ၂း ၁၆
၁၉၁၄ ခုနှစ်ရဲ့ ခရစ်စမတ် အကြိုညနေခင်းမှာပေါ့။ ပထမကမ္ဘာစစ်အတွင်းမှာပေါ့။ ဂျာမန် စစ်သားတွေက နှစ်ဦးပိုင်းကတည်းက ရှေ့တန်းထွက်လာကြရတော့ ခရစ်စမတ်အမှီ အောင်ပွဲနဲ့အတူ အိမ်ပြန်ရကောင်းလောက်ရဲ့လို့ မြော်လင့်နေကြတယ်။ အဲဒီစစ်သားကလေးတွေဟာ ခရစ်စမတ်အမှီ အိမ်ပြန်မရောက်တဲ့အပြင် စစ်ပွဲက ဥရောပနဲ့ ကမ္ဘာတလွှားမှာ ၄ နှစ်ကြာနေခဲ့တယ်။


၁၉၁၄ ဒီဇင်ဘာမှာတော့ မိုင် ၂၀၀ ရှည်လျားတဲ့ ရှေ့တန်းစစ်မျက်နှာက တူးမြောင်းကြီးဟာ အခက်ခဲဆုံး အသေအပျောက် အများဆုံးနေရာ ဖြစ်ခဲ့ပါတယ်။ တူးမြောင်းတလျှောက်ဟာ ရွှံ့တွေ၊ ကြွက်တွေ  ခြင်တွေ ယင်တွေ၊ လူသေအလောင်းတွေနဲ့ ပြည့်နေတယ်။ ၁၉၁၄ ခုနှစ်ရဲ့ ခရစ်စမတ်ကလည်း တကယ်အေးလွန်းတယ်။ နှင်းမှုန်တွေ တိုက်ခတ်နေတယ်။ လူသေအလောင်းတွေ မြှုပ်နေတဲ့ ကတုတ်ကျင်းတွေထဲက ရေကလည်း လေနဲ့အတူ တဝုန်းဝုန်း တိုက်ခတ်နေတယ်။

ဒါပေမယ့် ဒီဇင်ဘာ ၂၄ မှာတော့ အနောက်ဖက်စစ်မျက်နှာက တူးမြောင်းတလျှောက်မှာရှိတဲ့ ဗရစ်တစ်ရှ်နဲ့ စကော စစ်သားတွေဟာ အံ့အားသင့်စရာ သီချင်းသံတသံကို ကြားလိုက်ကြရတယ်။ သီချင်းရဲ့ သံစဉ်ကို သိကြပေမယ့် စာသားကိုတော့ နားမလည်ကြဘူး။ သီချင်းက Silent Night ပါ။ ဂျာမန်တွေဆိုတော့ Stille nacht, heilige nacht တဲ့။

 အံ့အားသင့်စရာဖြစ်ပေမယ့် အဲဒီသီချင်းက နွေးထွေးမှုလည်းရှိနေတော့ အဲဒီဂျာမန်သီချင်းကို အင်္ဂလိပ်လို ပြန်ဆိုလိုက်ကြတယ်။ မကြာခင်မှာပဲ နှစ်ဖက်လုံးမှာ Silent Night သီချင်းကို အားထုတ် ဆိုသံတွေဟာ ကောင်းကင်ယံမှာ ပြည့်လျှံလာပါတော့တယ်။

ရန်သူ့ တူးမြောင်းတလျှာက် လှမ်းကြည့်လိုက်တော့ စစ်သားတွေဟာ ဖယောင်တိုင်တွေကို တိုင်တွေ၊ လှံစွပ်တွေပေါ်မှာ ထွန်းပြီး ထွန်းပြလာကြတယ်။ မယုံကြည်နိုင်လောက်အောင်ပါပဲ။ ရန်သူစစ်သား တချို့ဟာ ခရစ်စမတ်သစ်ပင်တွေကို သူတို့ရဲ့ဦးခေါင်းတွေပေါ်မှာ တပ်ဆင်လာတယ်။ နှစ်ဖက် စစ်သားတွေဟာ အခုနကပဲ တယောက်နဲ့တယောက် အသေအကြေ သတ်ဖြတ်နေကြပေမယ့် ကတုတ်ကျင်းတွေထဲက စမ်းသပ်ထွက်လာကြတယ်။ ကြောက်စရာ ပစ်ကွင်းထဲကို ထွက်လာကြပြီး သူတို့စစ်ဝတ်တန်ဆာတွေထဲကနေ လက်ဆောင်တွေ အားရဝမ်းသာ ထုတ်လာကြတယ်။ လူသေ အလောင်းတွေကိုလည်း မြှုပ်ပေးလာကြတယ်။
ဖြစ်နိုင်ချေ မရှိတဲ့ကြားကပဲ တနေ့တာ အပစ်အခတ် ရပ်စဲသွားပါတယ်။ စစ်စည်းကမ်းတွေလည်း ဂရုမစိုက်ကြတော့ဘူး။ ဘယ်သူမှလည်း မလိုက်နာကြတော့ဘူး။ တချို့အရာရှိတွေက ဒီလို ညီအကိုလို
 ဖြစ်သွားတာကို ဖျက်ပစ်ဖို့ ကြိုးစားကြပါသေးတယ်။ မြို့ထဲမှာ တပ်သွဲထားတဲ့ သြစတြီးယား စစ်သား တယောက်ကတော့ စစ်အတွင်းမှာ ဒီလို နားလည်မှုမျိုးကို ခွင့်မပြုသင့်ဘူး လို့ ညည်းပါတယ်။ ကဲ ဟစ်တလာ ကြားရင် ဘာလုပ်မလဲ?

တကယ်တော့ ဘုရားသခင်က ဒီသီချင်း အားဖြင့် ခဏတာ ငြိမ်သက်ခြင်း ပေးလိုက်တာပါ။ ဒီသီချင်းကလေး နားထောင်ရင်းနဲ့ ကိုယ်ကြုံရတဲ့ အခြေအနေထဲမှာပဲ သခင်ယေရှုထံ ဆုတောင်းလိုက်ပါ။ ငြိမ်သက်ခြင်းကို ပေးတော်မူပါလိမ့်မယ်။ ဒီငြိမ်သက်ခြင်း peace က ဘုရားသခင်နဲ့ ရန်ငြိမ်ခြင်းလည်း ပါပါတယ်။ တကယ်စစ်မှန်တဲ့ ပျော်ရွှင်ခြင်းရလာပါလိမ့်မယ်။


Hymn Story: သီချင်းသမိုင်းကြောင်း

Joseph Mohr and Franz Gruber
၁၈၁၈ ခု၊ ဒီဇင်ဘာ ၂၄ ရက်နေ့ သြစတြီးယား နိုင်ငံ Oberndorf မြို့မှာ ဖြစ်ပါတယ်။ လက်ထောက် သင်းအုပ်ဆရာ တယောက် သူ့မိတ်ဆွေရဲ့ အိမ်ကို ရောက်လာတယ်။ မိတ်ဆွေက အသင်းတော်လေးရဲ့
 အော်ဂင်ဆရာ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က သူရေးထားတဲ့ ကဗျာကလေးကို သူယူလာတယ်။
ခရစ်စမတ်အကြိုညရဲ့ သန်းခေါင်ယံ ဝတ်ပြုစည်းဝေးမှာ ဆိုဖို့ သံစဉ်ထည့်ပေးဖို့ တောင်းဆိုတယ်။

  အော်ဂင်ဆရာ Franz Xaver Gruber က အော်ဂင်ပျက်နေတယ်။ ဒီည ဝတ်ပြုစည်းဝေးမှာ သုံးလို့မရနိုင်ဘူးလို့ Fr. Joseph Mohr ကို ပြောပြတယ်။ Fr. Mohr က တဖက်ခန်းထဲကို ဝင်သွားပြီး ဂစ်တာတလက် ပါလာတယ်။  Gruber က ကော့ဒ်တချို့ကို တီးခတ်ကြည့်ရင်း နဲနဲညည်း ကြည့်လိုက်တယ်။ "စာသားထဲမှာ အသံပါနေတာပဲ" လို့ ဝမ်းသာအားရ ပြောလိုက်တယ်။ နာရီအနည်းငယ်အတွင်းမှာပဲ သံစဉ်ရသွားတယ်။  ဒီသီချင်းကို အဲဒီည ဝတ်ပြုစည်းဝေးမှာ ပထမဆုံးအကြိမ်အဖြစ် သူတို့ ၂ ယောက်ဆိုကြတယ်။

 အော်ဂင်ပြင်တဲ့ဆရာ Carl Mauracher က နောက်ပိုင်း ဒီ Carol သီချင်းကို ကြားရတဲ့အခါ သူက
 ကော်ပီတရွက် ယူထားပြီး၊ နယ်တကာ သီချင်းလှည့်ဆိုတဲ့ အဖွဲ့နှစ်ဖွဲ့ကို ပေးလိုက်တယ်။ သူတို့က ခရစ်စမတ်ပြဇာတ်တွေမှာ ဆိုကြတယ်။ ဒီလိုနဲ့ ဒီသီချင်းက ကမ္ဘာပတ်သွားပါတော့တယ်။

The Strasser and Rainer families ဆိုတဲ့ မိသားစုနှစ်စုဟာ ဥရောပတခွင်သွားရောက်ဖျော်ဖြေကြတယ်။ "the Tyrolian folk carol"ဆိုတဲ့ သီချင်းကို ဆိုကြတယ်။  The Rainer family ဆိုတဲ့ မိသားစုကတော့ အဲဒီသီချင်းကို အမေရိကားကို ယူဆောင်လာတယ်။ သူတို့ ပထမဆုံးဆိုဖြစ်တာက ၁၈၃၉ ခုနှစ် နယူးယော့ပြည်နယ် ဂျာမန်ဆိုတဲ့ မြို့မှာပါ။

သီချင်းစာအုပ်ထုတ်ဝေသူတယောက်က အဲဒီသီချင်းကို ၁၈၃၂ ခုနှစ်လောက်မှာ သြစတြီးယားနိုင်ငံ Innsbruck မြို့မှာ Carol သီချင်းအဖြစ်ဆိုတာ ကြားဖူးတယ်။ သူကြိုက်သွားလို့ ပထမဆုံးအကြိမ် ပုံနှိပ်ထုတ်ဝေလိုက်တယ်။ မူရင်းသီချင်းက "Tyrolian folk song" လို့ ဖေါ်ပြပါတယ်။ မူရင်းသီချင်းရေးသူကို လူတွေ မသိကြသေးဘူး။ သံစဉ်ကလည်း မူရင်းနဲ့မတူပဲ နဲနဲပြောင်းထားတယ်။ အဲဒီစာအုပ်ထဲက သံစဉ်အတိုင်းပဲ ဒီကနေ့အထိ တွင်တွင်ကျယ်ကျယ် ဆိုနေကြတာပါ။ ဒါပေမယ့် ၁၉၉၅ ခုနှစ်မှာ "Silent Night" သီချင်းစာရွက်ကို ပြန်တွေ့ကြတယ်။  Fr. Joseph Mohr ရဲ့ လက်ရေးမူရင်းနဲ့ပါ။ မူရင်းသီချင်းရေးဆရာတွေရဲ့ မူရင်းလက်ရာပါ။

"Silent Night ကို ၁၈၆၃ ခုနှစ်မှာ အင်္ဂလိပ်လို ပြန်ဆိုပါတယ်။ ဘယ်သူပြန်သလဲဆိုတာ မသေချာဘူး။ John Young က အပိုဒ် ၁ နဲ့ ၃ ကို ဘာသာပြန်တယ်လို့ တချို့က ဆိုပါတယ်။ Jane Campbell ကလည်း ဘာသာပြန်ခဲ့နိုင်တယ်လို့ ဆိုကြပါတယ်။ အမေရိကန် ဓမ္မသီချင်းစာအုပ်အဖြစ် စတင်ပုံနှိပ်တာကတော့ Charles Hutchins’ Sunday School Hymnal သီချင်းစာအုပ်ပါ။

"Silent Night" ကို ကမ္ဘာပေါ်ရှိ ဘာသာစကားမျိုးစုံနီးပါးနဲ့ ပြန်ဆိုခဲ့ပါပြီ။ အမေရိကားမှာတော့ ခရစ်စမတ်ကာလမှာ ကြားကြရပါတယ်။ ဒါပေမယ့် သြစတြီးယားနိုင်ငံမှာတော့ နိုင်ငံပိုင်သီချင်းအဖြစ် အသိအမှတ်ပြုထားပြီး၊ စီးပွါးဖြစ် ထုတ်ဝေခွင့်မရှိပါဘူး။ မူရင်းသံစဉ်အတိုင်းဆိုဖို့ နိုးဆော်လေ့ရှိပါတယ်။  သြစတြီးယားနိုင်ငံကို သွားရောက်လည်ပတ်ရင် ဒီ carol သီချင်းနဲ့ပတ်သက်လို့ Oberndorf မြို့ရဲ့ ပြတိုက်တွေ၊ အထိမ်းအမှတ်ပြခန်းတွေမှာ လေ့လာနိုင်ပါတယ်။

အော်ဂင် အဆင်မပြေလို့ ဂစ်တာနဲ့ ဖြစ်သလိုရေးလိုက်ရတဲ့ သီချင်းကလေးအတွက် သီချင်းရေးသူ နှစ်ယောက်ကို ကျေးဇူးတင်ကြရမှာပါ။ သီချင်းကလေးက ရိုးပေမယ့် ခရစ်တော် ဖွါးဖြင်တဲ့ညကို ပုံဖေါ်ရာမှာတော့ လှပပါတယ်။
#https://songsandhymns.org/ မှ