Tuesday, February 14, 2023

အရှို - Asho, my people

 

အရှို - Asho, my people

လူမျိုးတွေအကြောင်းက စိတ်ဝင်စားစရာကောင်းတယ်။ ကိုယ့်လူမျိုးရဲ့ သဘာဝကို သိဖို့လိုသလို၊ တခြားလူမျိုးတွေအကြောင်းလည်း များများသိလေ ပိုကောင်းလေပါပဲ။ သိထားတော့ အထင်လွဲတာ၊ နားလည်လွဲတာတွေ မဖြစ်တော့ဘူးပေါ့။ ဘယ်လူမျိုးမှ ပြီးပြည့်စုံအောင် ကောင်းမွန်တယ် မရှိပေမယ့် အားသာချက်တွေ ရှိတတ်ပါတယ်။ အားနည်းချက်တွေလည်း ရှိကြတာပေါ့။ ကောင်းတာလေးတွေ အတုယူပြီး၊ မကောင်းတာတွေတော့ လိုက် မလုပ်မိဖို့ လိုပါတယ်။
အရှိုတွေအကြောင်းပြောရင် သတ္တိရှိတယ်၊ သစ္စာရှိတယ် လို့ အသိများကြပါတယ်။ (သတ္တိမရှိ၊ သစ္စာမရှိတဲ့ အရှိုတချို့နဲ့ ကြုံဖူးရင်တော့ ဆောရီးနော်။ 🙂 )
အခုပြောပြမယ့် အရှိုတွေရဲ့ မွေးရာပါ သဘာဝ တခုက လောဘ နည်းတယ်။ ရောင့်ရဲတယ်။ အရှိုအများစုဟာ ရောင့်ရဲစွာ နေတတ်ကြတယ်။ (လောဘကြီးတဲ့၊ လူလည်ကျတဲ့ အရှိုတွေနဲ့ ကြုံဖူးရင်တော့ ဆောရီးပါ။ သိတဲ့ချင်းက တယောက်တည်း။ အဲဒီတယောက်နဲ့ အီသွားပြီဆိုရင်လည်း ဆောရီးပါ။) 🙂
တခြားလူမျိုးတယောက်ဟာ အရှိုတယောက်ကို လောဘမကြီးဖို့ ဆုံးမနေမယ်၊ "အလိုကြီး အရနဲ" - "တနေ့ ရွှေဥတလုံး ဥတဲ့ ငန်း" ဆိုတဲ့ အီးဆော့ပ် (အီစွတ်) ပုံပြင်လေး ပြောပြနေမယ် ဆိုရင် တခုခု မှားနေပြီ၊ something တော့ wrong နေပါပြီ။
အရှိုတွေထဲမှာ အလုပ်လုပ်ပြီး လက်ခ မတောင်းတတ်၊ ဈေး မဆိုတတ်၊ ဈေးမဆိုချင်သူတွေ အများကြီးပါ။
ငယ်ငယ်က အသက်အရွယ် အတိမ်းမယိမ်း လူငယ်လေး အကြောင်း ကြားဖူးတယ်။ သူ့အသက် ၁၀ နှစ်အရွယ်လောက်ကပေါ့။ အမြဲပျော်ပျော်နေတတ်တဲ့သူဟာ တနေ့တော့ အိမ်ရဲ့ လှေကားပေါ်မှာ ထိုင်ပြီး မှိုင်နေတယ်။ အိမ်နီးချင်းတွေက "ဟဲ့၊ နင် ဘာဖြစ်လဲ" လို့ မေးတော့၊ "ပိုက်ဆံကောက်ရလို့၊ ဘာလုပ်ရမှန်း မသိဘူး။ စိတ်ညစ်နေတာ။" တဲ့။ နေ့တိုင်းပျော်ပျော်နေတတ်သူက ပိုက်ဆံကောက်ရလို့ စိတ်ညစ်သတဲ့။ အဲဒီစိတ်ထားလေး ရှိသူတွေကို ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ ခေတ်စနစ်တွေက ဖျက်ဆီးမပစ်ပါစေနဲ့ လို့ တောင့်တမိပါတယ်။
လူတွေဟာ စားဝတ်နေရေး ခက်ခဲလာရင် လုယက်၊ ခိုးဆိုး၊ လိမ်လည်၊ အနိုင်ကျင့်တာတွေ လုပ်မိသွားသူတွေ ရှိတတ်ကြတယ်မဟုတ်လား။ အခုပြောပြမယ့် အဖြစ်အပျက်က အရှိုလိုပြောရင်၊ အရှိုစကားနားလည်ရင် ဒုက္ခတွေကြားထဲက ရယ်စရာလေးပါ။ ဒီအကြောင်း ကျွန်တော့ကို ငယ်ငယ်တုန်းက ပြောပြသူက တောင်ကုတ်မြို့နယ်၊ ဒုံရွာဇာတိ အန်တီ မိုင်လှတင်ပါ။
တခါက ဒုံရွာဝန်းကျင်မှာ ဆန်ရှားတဲ့ အချိန်။ (တတိုင်းပြည်လုံး ခက်ခဲနေချိန် ဖြစ်မယ် ထင်တယ်။) ရွာထဲ ဆင်းရဲတဲ့ အရှိုတယောက်ဟာ ထမင်းဆာတဲ့ ဒဏ်ကို မခံနိုင်တော့ဘဲ ရွာထဲမှာ ဓါးပြတိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ခေါင်းနဲ့ မျက်နှာကို ပုဆိုးတထည်နဲ့ ဖုံးပြီး ခြုံလိုက်တယ်။ လက်ထဲမှာ ဓါးတလက်ကိုင်ပြီး တခြားရွာသားအဖြစ် ဟန်ဆောင်ပြီး ဗမာစကားနဲ့ ခြိမ်းခြောက်လိုက်တယ်။ တကယ်တော့ သူက ဗမာစကားလည်း လည်လည်ဝယ်ဝယ် ပြောတတ်တာ မဟုတ်။
"ဟေ့၊ ငါ ဓါးပြနော်။ မင်းတို့မှာ ပူယော၊ အွန်းဂျွမ် မရှိဘူးလား။"
ဒီအရှိုဓါးပြက ခက်တော့နေပြီ။ ရွှေ၊ ငွေကို ဓါးပြမတိုက်ဘဲ၊ ထမင်းကျန် ဟင်းကျန် မရှိဘူးလား လို့ အရှိုတဝက် ဗမာလို တဝက် နဲ့ မေးနေပြီ။
အိမ်ရှင်က ရုတ်တရက် ကြောင်သွားတယ်။ ပြီးမှ ဒီဓါးပြဟာ တို့ရွာထဲက အရှိုတယောက်ပဲ လို့ ရိပ်မိသွားတယ်။ အကြောက်ပြေပြီး "ဆွီလို့ လေလို့ အေပါလား။" လို့ ဖြေလိုက်တယ်။ အိမ်ရှင်ကလည်း ပြောသာပြောရတာ ဗမာစကား မကျင်လည်ဘူး။ ("ရှာလို့ ဖွေလို့ စားသွားပါလား။") တဲ့။
အဲဒီတော့ အသစ်စက်စက် ဓါးပြကြီးဟာ အိမ်ရှင်က သူ့ကို အရှိုမှန်း ရိပ်မိတာ သိလိုက်တယ်။ ဘာဘဲဖြစ်ဖြစ် နဲနဲတော့ ခြောက်ကြည့်လိုက်တယ်။
"အောင်မယ်၊ ငါကိုများ ချင်း ထင်နေသလား။ ငနာလေး နတူဟာယိုး။" လို့ ဟောက်လိုက်တယ်။ ဟောက်လိုက် မှပဲ "ငနာလေး သေသွားမယ်နော" လို့ မပြောတတ်ဘဲ အရှိုတဝက် "နတူဟာ ယိုး။" လို့ ကြိမ်းမိသွားတယ်။
အဲဒီတော့မှ လုံးလုံးပေါ်သွားပြီး ဓါးပြ အသစ်စက်စက်ကြီး ထွက်ပြေးသွားရရှာတယ်။
ရောင့်ရဲစိတ်ဟာ ချစ်စရာကောင်းတယ် လို့ ထင်ရင် အဲဒီစိတ်ကလေးကို ဆက်ထိန်းသိမ်းကြစို့။ အတုယူကြပါစို့။
လူတချို့အတွက်တော့ ရောင့်ရဲတဲ့စိတ်ဟာ မွေးရာပါ ဖြစ်တယ်။ သွန်သင်လို့၊ ဆုံးမလို့၊ တရားပြလို့ မဟုတ်ဘူး။ သူ့ပင်ကိုယ် သဘာဝပါ။ ဘုရားပေးတဲ့ လက်ဆောင်ပါ။




Asho robber - အရှို ဓါးပြ

 


အရှို - Asho, my people

လူမျိုးတွေအကြောင်းက စိတ်ဝင်စားစရာကောင်းတယ်။ ကိုယ့်လူမျိုးရဲ့ သဘာဝကို သိဖို့လိုသလို၊ တခြားလူမျိုးတွေအကြောင်းလည်း များများသိလေ ပိုကောင်းလေပါပဲ။ သိထားတော့ အထင်လွဲတာ၊ နားလည်လွဲတာတွေ မဖြစ်တော့ဘူးပေါ့။ ဘယ်လူမျိုးမှ ပြီးပြည့်စုံအောင် ကောင်းမွန်တယ် မရှိပေမယ့် အားသာချက်တွေ ရှိတတ်ပါတယ်။ အားနည်းချက်တွေလည်း ရှိကြတာပေါ့။ ကောင်းတာလေးတွေ အတုယူပြီး၊ မကောင်းတာတွေတော့ လိုက် မလုပ်မိဖို့ လိုပါတယ်။
အရှိုတွေအကြောင်းပြောရင် သတ္တိရှိတယ်၊ သစ္စာရှိတယ် လို့ အသိများကြပါတယ်။ (သတ္တိမရှိ၊ သစ္စာမရှိတဲ့ အရှိုတချို့နဲ့ ကြုံဖူးရင်တော့ ဆောရီးနော်။ 🙂 )
အခုပြောပြမယ့် အရှိုတွေရဲ့ မွေးရာပါ သဘာဝ တခုက လောဘ နည်းတယ်။ ရောင့်ရဲတယ်။ အရှိုအများစုဟာ ရောင့်ရဲစွာ နေတတ်ကြတယ်။ (လောဘကြီးတဲ့၊ လူလည်ကျတဲ့ အရှိုတွေနဲ့ ကြုံဖူးရင်တော့ ဆောရီးပါ။ သိတဲ့ချင်းက တယောက်တည်း။ အဲဒီတယောက်နဲ့ အီသွားပြီဆိုရင်လည်း ဆောရီးပါ။) 🙂
တခြားလူမျိုးတယောက်ဟာ အရှိုတယောက်ကို လောဘမကြီးဖို့ ဆုံးမနေမယ်၊ "အလိုကြီး အရနဲ" - "တနေ့ ရွှေဥတလုံး ဥတဲ့ ငန်း" ဆိုတဲ့ အီးဆော့ပ် (အီစွတ်) ပုံပြင်လေး ပြောပြနေမယ် ဆိုရင် တခုခု မှားနေပြီ၊ something တော့ wrong နေပါပြီ။
အရှိုတွေထဲမှာ အလုပ်လုပ်ပြီး လက်ခ မတောင်းတတ်၊ ဈေး မဆိုတတ်၊ ဈေးမဆိုချင်သူတွေ အများကြီးပါ။
ငယ်ငယ်က အသက်အရွယ် အတိမ်းမယိမ်း လူငယ်လေး အကြောင်း ကြားဖူးတယ်။ သူ့အသက် ၁၀ နှစ်အရွယ်လောက်ကပေါ့။ အမြဲပျော်ပျော်နေတတ်တဲ့သူဟာ တနေ့တော့ အိမ်ရဲ့ လှေကားပေါ်မှာ ထိုင်ပြီး မှိုင်နေတယ်။ အိမ်နီးချင်းတွေက "ဟဲ့၊ နင် ဘာဖြစ်လဲ" လို့ မေးတော့၊ "ပိုက်ဆံကောက်ရလို့၊ ဘာလုပ်ရမှန်း မသိဘူး။ စိတ်ညစ်နေတာ။" တဲ့။ နေ့တိုင်းပျော်ပျော်နေတတ်သူက ပိုက်ဆံကောက်ရလို့ စိတ်ညစ်သတဲ့။ အဲဒီစိတ်ထားလေး ရှိသူတွေကို ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ ခေတ်စနစ်တွေက ဖျက်ဆီးမပစ်ပါစေနဲ့ လို့ တောင့်တမိပါတယ်။
လူတွေဟာ စားဝတ်နေရေး ခက်ခဲလာရင် လုယက်၊ ခိုးဆိုး၊ လိမ်လည်၊ အနိုင်ကျင့်တာတွေ လုပ်မိသွားသူတွေ ရှိတတ်ကြတယ်မဟုတ်လား။ အခုပြောပြမယ့် အဖြစ်အပျက်က အရှိုလိုပြောရင်၊ အရှိုစကားနားလည်ရင် ဒုက္ခတွေကြားထဲက ရယ်စရာလေးပါ။ ဒီအကြောင်း ကျွန်တော့ကို ငယ်ငယ်တုန်းက ပြောပြသူက တောင်ကုတ်မြို့နယ်၊ ဒုံရွာဇာတိ အန်တီ မိုင်လှတင်ပါ။
တခါက ဒုံရွာဝန်းကျင်မှာ ဆန်ရှားတဲ့ အချိန်။ (တတိုင်းပြည်လုံး ခက်ခဲနေချိန် ဖြစ်မယ် ထင်တယ်။) ရွာထဲ ဆင်းရဲတဲ့ အရှိုတယောက်ဟာ ထမင်းဆာတဲ့ ဒဏ်ကို မခံနိုင်တော့ဘဲ ရွာထဲမှာ ဓါးပြတိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ခေါင်းနဲ့ မျက်နှာကို ပုဆိုးတထည်နဲ့ ဖုံးပြီး ခြုံလိုက်တယ်။ လက်ထဲမှာ ဓါးတလက်ကိုင်ပြီး တခြားရွာသားအဖြစ် ဟန်ဆောင်ပြီး ဗမာစကားနဲ့ ခြိမ်းခြောက်လိုက်တယ်။ တကယ်တော့ သူက ဗမာစကားလည်း လည်လည်ဝယ်ဝယ် ပြောတတ်တာ မဟုတ်။
"ဟေ့၊ ငါ ဓါးပြနော်။ မင်းတို့မှာ ပူယော၊ အွန်းဂျွမ် မရှိဘူးလား။"
ဒီအရှိုဓါးပြက ခက်တော့နေပြီ။ ရွှေ၊ ငွေကို ဓါးပြမတိုက်ဘဲ၊ ထမင်းကျန် ဟင်းကျန် မရှိဘူးလား လို့ အရှိုတဝက် ဗမာလို တဝက် နဲ့ မေးနေပြီ။
အိမ်ရှင်က ရုတ်တရက် ကြောင်သွားတယ်။ ပြီးမှ ဒီဓါးပြဟာ တို့ရွာထဲက အရှိုတယောက်ပဲ လို့ ရိပ်မိသွားတယ်။ အကြောက်ပြေပြီး "ဆွီလို့ လေလို့ အေပါလား။" လို့ ဖြေလိုက်တယ်။ အိမ်ရှင်ကလည်း ပြောသာပြောရတာ ဗမာစကား မကျင်လည်ဘူး။ ("ရှာလို့ ဖွေလို့ စားသွားပါလား။") တဲ့။
အဲဒီတော့ အသစ်စက်စက် ဓါးပြကြီးဟာ အိမ်ရှင်က သူ့ကို အရှိုမှန်း ရိပ်မိတာ သိလိုက်တယ်။ ဘာဘဲဖြစ်ဖြစ် နဲနဲတော့ ခြောက်ကြည့်လိုက်တယ်။
"အောင်မယ်၊ ငါကိုများ ချင်း ထင်နေသလား။ ငနာလေး နတူဟာယိုး။" လို့ ဟောက်လိုက်တယ်။ ဟောက်လိုက် မှပဲ "ငနာလေး သေသွားမယ်နော" လို့ မပြောတတ်ဘဲ အရှိုတဝက် "နတူဟာ ယိုး။" လို့ ကြိမ်းမိသွားတယ်။
အဲဒီတော့မှ လုံးလုံးပေါ်သွားပြီး ဓါးပြ အသစ်စက်စက်ကြီး ထွက်ပြေးသွားရရှာတယ်။
ရောင့်ရဲစိတ်ဟာ ချစ်စရာကောင်းတယ် လို့ ထင်ရင် အဲဒီစိတ်ကလေးကို ဆက်ထိန်းသိမ်းကြစို့။ အတုယူကြပါစို့။
လူတချို့အတွက်တော့ ရောင့်ရဲတဲ့စိတ်ဟာ မွေးရာပါ ဖြစ်တယ်။ သွန်သင်လို့၊ ဆုံးမလို့၊ တရားပြလို့ မဟုတ်ဘူး။ သူ့ပင်ကိုယ် သဘာဝပါ။ ဘုရားပေးတဲ့ လက်ဆောင်ပါ။


သီချင်းနဲ့ အကြိုက်

 

 


ကိုယ့်အကြိုက်တွေကို မပြောချင်ဘူး။ ပြောမိရင် မတူတဲ့ တုန့်ပြန်သံတွေ ကြားရမယ်။ ဒါပေမယ့် ကြိုက်တယ်၊ မကြိုက်ဘူး ဆိုတာထက် ဘာကြောင့် ကြိုက်တယ်၊ ဘာကြောင့် မကြိုက်ဘူး ဆိုတဲ့ လေးနက်တဲ့ အတွေးတွေကို စဉ်းစားစေချင်လို့ ဒီစာကို ရေးပါတယ်။
၁။ ကြားနေရတဲ့ သီချင်းကို လိုက်ညည်းရတဲ့ လူ့သဘာဝ။
ငယ်ငယ်က စတင်ရင်းနှီးခဲ့တဲ့ သီချင်းတွေက အသံချဲ့စက်က သီချင်းတွေပဲ။ အကြားရဆုံးက အဆိုတော် နှစ်ယောက်။ သူတို့က မြို့နာမည်ထည့်ရတာ ခရေဇီ ဖြစ်ကြတယ်။ သူတို့သီချင်းတွေကို ကျွန်တော်လိုက်ဆိုရင် အမေ မကြိုက်ဘူး။ ဆူတယ်။ (ကျွန်တော့အသံ မကောင်းလို့ ဖြစ်မှာပါ။) လက်ခုပ်သံတွေရဲ့ တဖက်မှာ ဝေဖန် ကဲ့ရဲ့သံလည်း ရှိတာ သဘာဝပါ။
အဲဒီကနေ မြန်မာသံ နဲ့ စတီရီယိုတေးကို ရောနှော ကြားလာရတယ်။ အဲဒီမှာ အများ သတိမထားမိတဲ့ သဘောတရား တခုက ဆိုင်းဘုတ် ကိစ္စ။ ဧဒင်မှာလိုပါပဲ။ လူဟာ မရိုးသားရင် အကာအကွယ် တခုအောက် မှာ ပုန်းခိုလေ့ရှိတယ်။ အဲဒီတော့ မြန်မာသံ ဆိုင်းဘုတ်အောက် မှာ၊ စတီရီယို ဆိုင်းဘုတ်အောက် မှာ မရိုးသားသူတွေ ရောနှော ခိုဝင်ကြတယ်။ အဲဒါက နယ်ပယ်တိုင်းမှာ ဖြစ်တယ်။
သာမန်အားဖြင့် မြန်မာသံသမားက ကိုယ့်အမျိုးကို ပိုချစ်၊ စတီရီယိုသမားက ခေတ်အလိုက်ကို ပိုကြိုက်သလို ထင်ရစေတယ်။ အမှန်က အဲဒီလူတွေ အတူတူပဲ။
စတီရီယိုသမားတွေမှာ ဆံပင်ရှည်နဲ့ ခေါင်းလောင်း ဘောင်းဘီ ခေတ်စားသလို၊ မြန်မာသံသမားတွေက မျက် မှန်အနက်တပ်ပြီး ဆိုတတ်တာလည်း သတိထားမိတယ်။ အားလုံးက Something တော့ wrong နေကြတယ် ထင်တာပဲ။
အဲဒီတော့ ဆိုင်းဘုတ်တွေ တံဆိပ်တွေက အဓိက မဟုတ်ဘူး။ ဘာသီချင်းတွေ ကြားနေရလဲ ဆိုတာက အရေးပိုကြီးပါတယ်။
ဆယ်တန်းကျောင်းသားဘဝမှာ ဆရာ မလာရင် နောက်ဆုံးခုံတန်းကို သွားပြီး သီချင်းဆိုဖူးတယ်။ သူငယ်ချင်းတွေက အနိုင်ရဲ့ "အိပ် မ က် လေးထဲ ညည အလည်ရောက်လို့လည်" အချစ်သီချင်း နဲ့ စောလုကာရဲ့ "ငါသည် ပြောင်းလံခြင်း မရှိ" ဓမ္မတေးသီချင်းကို ဆိုခိုင်းကြတယ်။ သီချင်းအကြိုက် မှာ အဲလို ကပြား စဖြစ်ခဲ့ရတယ်။ ကြားရတာ လိုက်ညည်းမိတာကိုး။
၂။ ဆယ်ကျော်သက် မှာ ကြားရတဲ့ သီချင်း၊ ကြိုက်ခဲ့တဲ့ သီချင်းတွေဟာ တသက်လုံး ပါသွားတတ်တယ်။
ဆရာ ချစ်စမ်းမောင်ဟာ သီချင်းအပုဒ်ပေါင်း ထောင်ချီပြီး တီးခဲ့ပြီ ထင်ပါတယ်။ သူနားထောင်ခဲ့တာက ဒီထက် ပိုများမှာပေါ့။ ဒါပေမယ့် ဘုရားကျောင်းမှာ သူ သီချင်းဆိုရင် ဆလိုင်း သွှအောင် နဲ့ ဆရာ စောဘွဲ့မှူး တို့ရဲ့ သီချင်းတွေကို အဆိုများတယ်။ သူ ဆယ်ကျော်သက် အရွယ်က ကြားခဲ့ ကြိုက်ခဲ့တဲ့ သီချင်းတွေကို တသက်လုံး စွဲလန်းသွားလို့ပါပဲ။
အဲဒီတော့ လူငယ်တွေကို ဘာသီချင်းတွေ နားထောင်စေမလဲ? လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း ကျွန်တော့ ကျောင်းသားတွေကို Choir သီချင်းတွေပဲ အင်္ဂလိပ်လို သင်ယူစေတယ်။ ကျွန်တော်ကိုယ်တိုင် မသင်တတ်ဘူး။ သင်ပေးနိုင်တဲ့ အဒေါ်ကို သင်ပေးဖို့ အကူအညီ တောင်းရတယ်။ လူငယ်တွေကို ခန့်ညားပြီး အဓိပ္ပါယ်ရှိတဲ့ သီချင်းတွေနဲ့ တသက်လုံး ပျော်စေချင်တယ်။
၃။ သီချင်းစာသားတွေက အသိတရား တခုခုကို ပေးနေတယ်။ 
 ခက်တာက မြန်မာသီချင်း အများစုဟာ ယောက်ျား မိန်းမ အချစ်ကိုပဲ ဖွဲ့နွဲ့နေတယ်။ အချိန်ကာလတွေသာ ပြောင်းလာတယ်။ သူတို့ theme က ဘိုဘိုဟန် ဆိုတဲ့ "နင့်ကို ငါချစ်တယ်၊ ငါ့ကို နင်ချစ်မလား ဟာ ဟာ .. ဟာ .. ဟား၊ သိပ် သိပ် သိပ်ချစ်" ဆိုတဲ့ အထဲက မထွက်ဘူး။
အဲဒီတော့ လူငယ်တွေက အပိုတွေကို ခံစားနေရတယ်။
ဒါပေမယ့် လူဆိုတော့ ဓမ္မတေးသာမက တခြားသီချင်းတွေလည်း ဆိုချင်မှာပေါ့။ အဲဒီတော့ ကျွန်တော်က သားသမီးတွေကို ဟီးဘရူး Hebrew သီချင်းတွေ နားထောင်ခိုင်းတယ်။ ကျွန်တော်တွေ့တဲ့ Hebrew သီချင်းတွေက လူမျိုးရေး၊ ဘုရားတရားတွေ များတယ်။ အချစ်သီချင်းတွေလည်း ရှိမှာပေါ့။ ဒါပေမယ့် ကျွန်တော့ကလေးတွေက ဟီးဘရူး Hebrew စကား နားမလည်တော့ အလွမ်းအဆွေး ဆိုတဲ့ အပို feeling တွေ မခံစားရတော့ဘူးပေါ့။
အချစ်သီချင်းတွေက လူကြီးတွေနဲ့ အဆင်ပြေဖို့ မလွယ်ဘူး။ ဆိုပါစို့။ ကိုယ်က အဆင်ပြေသူနဲ့ အိမ်ထောင်ကျလို့ သားသမီးတွေ ရနေပြီ။ အရွယ်ရောက်လာပြီ။ ငယ်ငယ်က ကြိုက်တဲ့ သီချင်းလေး "ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ ... ကြာခဲ့သော်လည်း ကိုယ်မမေ့သည်သာ" ကို လည်ပင်း လိမ်လိမ်ပြီး ၂ ခေါက်၊ ၃ ခေါက်လောက် ဆိုကြည့်ပါ။ "နွေမှာ တေးဆိုသော ဥဩငှက်" မရောက်ခင် .... အိမ်မှာ ပြဿနာ တက်ရင် တက်၊ မတက်ရင် ကိုယ်ရတဲ့ မိန်းမဟာ အတော် သဘော ကောင်းတယ်၊ သဘောထား ပြည့်တယ် ပြောရမယ်။ မဟုတ်ရင်တော့ ပြဿနာက အကြီးကြီးပါ။ ပြဿနာတက်ရင် မိန်းမကို အပြစ်မတင်ပါနဲ့။ သီချင်းရေးတဲ့သူနဲ့ ခင်ဗျားကြိုက်တဲ့ အဆိုတော်ကို "ခင်ဗျားတို့ဗျာ၊ အတော် ရက်စက်တာပဲ။ ... အို ... ဟို ... ဘာဘဲဖြစ်ဖြစ် အခု ချစ်ချစ်ဟာ အချောဆုံး ... လို့ ရေးခဲ့ရမှာ" လို့ အကြံပေးပါ။ အဲဒါမှ အိမ်ထောင်တွေ ငြိမ်းချမ်းမှာလေ။
၄။ သီချင်းနဲ့ ရောပါလာတဲ့အရာ -
သီချင်းနဲ့ တွဲပါလာတာက အဆိုတော်ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ အပြုအမူတွေပါ။ နုငယ်သူက သီချင်းနဲ့ ဖက်ရှင်ကို မခွဲခြားတတ်ရင် အကုန်ယူတယ်။
ဟိုးအရင်က တောရွာက သမဆိုင်ကို သတိရတယ်။ တအိမ်ထောင် ပိတ်စ တစစီ ရောင်းတယ်။ ပိတ်စ ရှားတဲ့ခေတ်။ ဒါပေမယ့် ပိတ်စလိုချင်ရင် သပြေညို ဆပ်ပြာလည်း တွဲယူရမယ်။ မယူမနေရ။ တခါတလေ အပ်ချည်လုံးနဲ့ တွဲယူရတယ်။ စက်ချုပ်ဆရာအိမ် မဟုတ်ရင် တအိမ်ကို တလုံးဆို လောက်ပြီ။ ခဏခဏ အပ်ချည်ပဲ တွဲပေးနေရင် အိမ်မှာ အပ်ချည်လုံးတွေ ပုံလာမယ်။
အတန်းတူ သူငယ်ချင်းတယောက်နဲ့ ကြုံဖူးတယ်။ သူက စာရေးဆရာ ဖြစ်ချင်တယ်။ ကဗျာတွေ ရေးပြီး တိုင်းရင်းမေ လို မဂ္ဂဇင်းတိုက်တွေကို ပို့တယ်။ အများကြီး ပို့တဲ့ အထဲက တပုဒ်လောက် ပါလာရင်ပဲ သူပျော်ပြီ။ တနေ့ သူနေတဲ့ အဆောင်ကို ရောက်သွားတယ်။ စာရွက်တွေ ပြန့်ကျဲနေတဲ့ ကုတင်ပေါ်မှာ အားလျားမှောက်ပြီး စာရေးနေတယ်။ မှောက်လျက်ကနေ လည်ပင်းကို စောင်းမော့ပြီး ဆေးလိပ်သောက်ရတာကလည်း ခဏခဏ။ လွယ်အိတ်လွယ်တာ ခေတ်မစားတဲ့ အချိန်မှာ သွားလေရာ လွယ်အိတ် လွယ်ရတာကလည်း တဒုက္ခ။ စာရေးဆရာဆိုတာ အဲဒီလို နေရတာလို့ သူထင်တာကိုး။ သူ့ခမျာ ကြိုးစားရှာပေမယ့် အပ်ချည်လုံးတွေ အတော် စုမိနေတာ။ တကယ်တော့ သူတယောက်တည်းတော့ မဟုတ်ဘူး။ အနုပညာကို စိတ်ဝင်စားတဲ့ လူငယ် အများစုဟာ အပ်ချည်လုံးတွေ စုမိတတ်တယ်။
၅။ သီချင်းသံက သာယာဖို့လည်း လိုတယ်။
ရောဂါ​တွေ၊ နိုင်ငံရေး ပြဿနာတွေ ကြားရတော့ Facebook သုံးတာ ကျွန်တော် လျှော့လိုက်တယ်။ အမေနဲ့ အဒေါ်တွေကိုလည်း Facebook သုံးတာ လျှော့ဖို့ ပြောလိုက်တယ်။ အဲဒီအစား သီချင်းနားထောင်ဖို့ ပြောတယ်။ ဒီကာလလွန်ရင် လူမသိသူမသိ လွတ်နေမှာ စိုးရတယ်လို့လည်း သတိပေးတယ်။ (နှစ်ဖက်လုံးက လော်ဘီအများစုဟာ စကားပြောရင်း မျက်လုံး ဂနာမငြိမ်တာ သတိထားမိတယ်။)
တနေ့တော့ အသိတယောက်ကို သီချင်းပဲ နားထောင်ပါလို့ ပြောပြီး သူ့ဖုန်းမှာ app တခု ထည့်ပေးတယ်။ နားထောင်ဖို့ သီချင်းလည်း နမူနာ ဖွင့်ပြတယ်။ လဘက်ရည် ဖျော်တဲ့လူလိုပဲ ချိုဆိမ့်လေး ရွေးပေးတယ်။ ကိုဗဒင်ရဲ့ "နေရာ" သီချင်းတွေကို ပိုးဒါလီ သိန်းတန် ပြန်ဆိုတာ။ ကိုဗဒင်ရဲ့ စာသားက ကဗျာဆန်တယ်။ ပိုးဒါလီ အသံက အေးတယ်။ တေးဂီတက Iron Cross ။ တပုဒ်လောက် နားထောင်ပြီးတဲ့အခါ သူက မေးတယ်။ "ဝေလ သီချင်းတွေ မကြိုက်ဘူးလား" တဲ့။
"သူ့သီချင်းတွေ ကောင်းပါတယ်၊ အဲဒီလို လိုင်းမျိုး နားထောင်ချင်တဲ့အခါ နားထောင်ဖြစ်ပါတယ်" လို့ ပြန်ဖြေရတယ်။ အော်၊ အဖိုးကြီးကြိုက်ကို သူ မကြိုက်ပါလား လို့ တွေးရင်း ငယ်ငယ်က ကြားဖူးတာလေး သတိရပြီး ပြုံးမိတယ်။ ငယ်သူငယ်ချင်းတယောက်ရဲ့ အဖေ၊ စက်ချုပ်တယ်။ တချို့က "အဲလူက လူတမျိုးကွ။ ဘုန်းကြီး တရား မနာဘဲ၊ သီလရှင် တရား နာသတဲ့" လို့ ပြောတယ်။ အခုတော့ အဲဒီဦးလေးကို ကျွန်တော် နားလည်သွားပြီ။ ကိုယ်ချင်းစာတတ်ပြီ။ တရားနာချင်ပေမယ့် နူးညံ့မှုကိုလည်း သူလိုချင်တယ်။ အသက်အရွယ်ကလည်း နူးညံ့သိမ်မွေ့တာတွေကို ပိုစိတ်ဝင်စားသင့်ပြီလေ။
၆။ သီချင်းကောင်းတွေ တမ်းတသူ -
ကျွန်တော့အပါက ABM ကျောင်းထွက်၊ Choir leader ပါ။ ဒါပေမယ့် ကျွန်တော့ကို ဆယ်တန်း မအောင်ခင် ဂစ်တာ ဝယ်မပေးဘူး။ အဲဒီအချိန်က အနီးအနားက ဂစ်တာတီးတဲ့ လူငယ်တွေဟာ လမ်းဘေး အုတ်ခုံမှာ ညနက်အောင် သီချင်းဆိုတယ်။ ဆံပင်ရှည် ထားတယ်။ ဆေးလိပ်​သောက်တယ်၊ အရက်​သောက်တယ်။ ဒါတွေ အပါ မြင်တယ်။ စိုးရိမ်တယ်။ ဆလိုင်းတင်မိုးရဲ့ အရှိုရာပြည့် သီချင်းခွေ ထွက်လာတော့ အပါ ကြိုက်တယ်။ ကက်ဆက် ဝယ်ချင်လာတယ်။ ရှားရှားပါးပါး အရှို သီချင်းလေးတွေ နားထောင်ချင်တယ်။ ဒါပေမယ့် သူ နားထောင်ချင်တာက အဲဒီတခွေပဲ။ ကျန်တာက ကက်ဆက်ခွေ လောကမှာ အချစ်သီချင်းတွေက များနေတော့ အပါက ချီတုန်ချတုန်နဲ့ မဝယ်တော့ဘူး။
ကျွန်တော်တို့ငယ်ငယ်က ဇာတ်ပွဲသီချင်းတွေ ဆိုတဲ့အခါ အပါ မကြိုက်ဘူး။ ကျွန်တော်တို့ကို "ဇာတ်ရူးတွေ" တဲ့။ စကားနည်းတဲ့ အပါက တနေကုန် နေလို့ ကျွန်တော့ကို စကားတခွန်း မပြောဘူး။ တနေ့တော့ အားရဝမ်းသာ စကားတခွန်း ပြောလာတယ်။ ညက ဇာတ်က အားလပ်ချိန်မှာ ဓမ္မသီချင်းတွေ တီးတာ ကောင်းလိုက်တာ" တဲ့။ ပွဲကြည့် ပရိတ်သတ်တွေက အားလပ်ချိန်မှာ လှုပ်လှုပ်ရွရွနဲ့ ဆိုတော့ သီချင်းသံကို သိပ်နားထောင်ဖြစ်ကြမယ် မထင်ဘူး။
ဇာတ်ပွဲမကြိုက်တဲ့ အပါက မြတ်မြတ်နိုးနိုး နားထောင်တယ်။ အဲဒီဇာတ်နာမည် သူ မှတ်မိတယ်။ "စိန်မဟာ သဘင်" တဲ့။ စိန်မဟာသဘင်က ဦးကက်နက်စိန်ရဲ့ သားများဖြစ်တဲ့ မောင်ရဲစိန်၊ ညီဝင်းစိန်တို့ ကတယ်။ ဦးကက်နက်စိန်က မစ်ရှင် ကျောင်းထွက် ဖြစ်ပုံရတယ်။ တေးဂီတကတော့ ကရင်ဂီတသမားတွေ ဖြစ်မယ် ထင်တယ်။ ကြားချင်တဲ့ သီချင်းအမျိုးအစားကို ကြားခွင့်ရတာ အပါ့အတွက် တကယ် ကြည်နူးစရာပါ။ ဇာတ်ပွဲမှာ လိုက်တီးရသူဖြစ်ပေမယ့်၊ နာမည်မကြီး လူသိမများပေမယ့် ငြိမ့်ညောင်းတဲ့ တေးသီချင်းတွေကို တီးခတ်ခဲ့သူတွေဟာ ကျေးဇူးတင်စရာပါ။ လူတွေကို စိတ်အေးချမ်းသွားစေလို့ ဂီတ တာဝန်ကြေတယ်လို့ ဆိုချင်တယ်။ (သူတို့ သားမြေးတွေကို ဘုရားသခင် ကောင်းကြီးပေးပါစေ။) သီချင်းနဲ့ တေးဂီတကို တကယ် မြတ်နိုးသူတွေ ရှိတယ်။ package တွဲပေးတဲ့ ဆံပင်ပုံ၊ အဝတ်အစားနဲ့ တက်တူးတွေကို အီနေတယ်။ သူတို့က ဂီတ အနုပညာကိုပဲ ကြိုက်တယ်။ အပ်ချည်လုံးတွေ မကြိုက်ဘူး။ လျှော့ကြပါ။
၇။ နောင်လာမယ့် သီချင်းများ။
ဒီကပ်ကာလလွန်ရင် ဘာသီချင်းတွေ ကြားရမလဲ။ တချို့က ကြေကွဲနေတယ်။ တချို့ နာကြည်းနေတယ်။ သစ္စာဖေါက်ခံရသူတချို့ဟာ ဘယ်သူကိုမှ မယုံတော့ဘူး။ တချို့ အားငယ်နေတယ်။ ဒဏ်ရာတွေကို ကုစားဖို့ လိုတယ်။ အဲဒီလူတွေအတွက် ဘာသီချင်းတွေ ကြားခွင့်ရမလဲ။
လူ့သဘာဝ ကဲချင်တာ၊ ပဲချင်တာတွေ၊ စိတ်ဝင်စားအောင် စတန့်ထွင်ပြချင်တာတွေကို အပိုတွဲပေးဦးမှာလား။ ဒါမှမဟုတ် ဒုက္ခကြုံခဲ့ရတဲ့သူတွေကို နှစ်သိမ့်တဲ့ သီချင်း၊ အားပေးတဲ့ သီချင်း၊ ကြည်နူးစေတဲ့ သီချင်းတွေ ပေးကြမလား။ အခုအချိန်ဟာ ပြင်ဆင် အားယူရမယ့် အချိန်ပါ။

ပန်းချုံအောက်က ရော်ဘင်ငှက်နီကလေး The Robin Under the Lilac Bush

 



ပန်းချုံအောက်က ရော်ဘင်ငှက်နီကလေး

The Robin Under the Lilac Bush

ငှက်မျိုးစုံ အစာလာစားတာကို စောင့်ကြည့်ရတာ ပျော်စရာသိပ်ကောင်းတယ်။ တနေ့ချင်းမှာကို ငှက်အမျိုးပေါင်း ၁၅ မျိုးလောက် ရေတွက်လို့ ရတယ်။

တမနက် မိတ်ဆွေငှက်ကလေးတွေကို စောင့်ကြည့်ရင်းနဲ့ အထူးခြားဆုံး ဖြစ်ရပ်တခုကို ကြုံတောင့်ကြုံခဲ  တွေ့မြင်ရတယ်။ ရော်ဘင်ငှက်ကလေး ၃ ကောင် ခြံထဲအတူ ပျံလာပြီး ပန်းချုံအောက်မှာ ဆင်းနေကြတယ်။ တကောင်က ခြံထဲမှာပဲ ခပ်ရှောင်ရှောင်နေတုန်း၊ ကျန်နှစ်ကောင်ကတော့ အစာကျွေးရာမှာ ခုန်ဆွခုန်ဆွ လုပ်လိုက်၊ ယက်လိုက်၊ ခုန်ပျံ ကူးလိုက်၊ အစာစေ့တွေကို ခပ်ကြမ်းကြမ်း ယက်ထုတ်လိုက် လုပ်နေတယ်။ ဆူဆူညံညံ တစာစာ အော်နေတာဟာ တခြားအကောင်တွေကို ချောက်လှန့်တာလို့ ထင်လိုက်မိလို့ လောဘတယ်ကြီးပါလား ဆိုပြီး စိတ်ဆိုးမိတယ်။

နောက်တနေ့မှာလည်း ငှက်ကလေး ၃ ကောင် ရောက်လာပြန်တယ်။ အရင်လိုပဲ ဆူကြပြန်တယ်။

" ရူးလည်းရူးတဲ့ ရော်ဘင်တွေ၊ တကောင်နဲ့တကောင် မချောက်ပဲနေရင်လည်း ရရဲ့သားနဲ့၊ ငါ ပြင်ပေး လိုက်မယ်၊" လို့တွေးမိတယ်။

နောက်တနေ့ သူတို့ရောက်အလာကို ရေပြွတ်သေနတ်တလက်ကိုင်ပြီး စောင့်နေလိုက်တယ်။ အစား လောဘကြီးတဲ့ ငှက်တွေကိုမောင်းဖို့ အသင့်ဖြစ်နေပါပြီ။ အဲဒီမှာ ထူးခြားတာတခု တွေ့လာရတယ်။ သူတို့ ပျံတဲ့ပုံက ခဏရပ်ပြီး အကဲခတ်စရာ ဖြစ်လာတယ်။ ငှက်ကလေးတွေဟာ သတ်မှတ်ပုံစံတခုနဲ့ တိုက်ခိုက်ရေး လေယာဉ်တွေလို ပျံနေတယ်။ တောင်ပံဖျားတွေ ထိထားကြတယ်။ မြေပေါ်ဆင်းရင် တကောင်က ခပ်ရှောင်ရှောင်ပဲ ပန်းချုံနားမှာ နေတယ်။ ကျန်နှစ်ကောင်က အစာဗန်းနား ရောက်လာတယ်။ သူတို့ ထပျံလိုက်၊ ယက်လိုက်တာ ထူးခြားလို့ အနီးကပ်မြင်ရအောင် မှန်ပြောင်းနဲ့ ကြည့်လိုက်တယ်။

မီးဖိုချောင် ပြူတင်းတံခါးက ကြည့်တဲ့အခါ အံ့သြစရာတွေ တွေ့လာတယ်။ မြေပေါ်က ရော်ဘင်ငှက်ကလေး ဟာ မျက်စိ မမြင်ရှာဘူး။ တဖက်ကွယ်နေတယ်။ တရွေ့ရွေ့သွားတဲ့အခါ ကျန်တဖက်ကလည်း တဝက်က တခုခုနဲ့ ကွယ်နေပုံရတယ်။ ဗန်းထဲက အစာတွေကို တခြားနှစ်ကောင်က ယက်ထုတ်ပြစ်တာဟာ သူတို့အဖေါ် ဒုက္ခိတကလေး စားရအောင်လို့ပါ။ သုံးကောင်လုံး ဝကြတဲ့အခါ ခေါင်းဆောင်နှစ်ကောင်က မျက်မမြင်ရော်ဘင်ငှက်ကလေးကို ဘေးမှာ ငြင်သာစွာ အတောင်ပံချင်း တဖျတ်ဖျတ်ခတ်ရင်း ပျံဖို့တစာစာ အသံပေးခါ အတောင်ပံချင်း ထိထားလိုက်ကြတယ်။

မြင်ကွင်းထဲက သူတို့ပျောက်သွားတဲ့အခါ တကယ်ကန်းတာက ငါပါလားဆိုပြီး ရှက်ရွံ့ အားငယ် သွားမိတယ်။ သူတို့အချင်းချင်း ပြတဲ့မေတ္တာနဲ့ ဂရုစိုက်မှုကလေးတွေကို အပြည့်အဝ နားလည်လာတဲ့အခါ မျက်ရည်ကျမိတယ်။ ကိုယ့်ဘဝကိုယ် သစ္စာဆိုမိတယ်။ ကြောက်ရွံ့ အားငယ်သူတွေ ပျံသန်းနိုင်ဖို့ ကိုယ်ကျိုးမတွက်တဲ့ မြော်လင့်ခြင်းတွေနဲ့၊ တခြားသူတွေကို အတောင်ပံချင်း ဆက်ထားဖို့ သတိထားပါတော့မယ်။        ။

                                                                     _  Phyllis Simoolke Walk

Lady, are you rich? ဒေါ်လေးက သူဌေးလား

 

 Lady, are you rich? - ဒေါ်လေးက သူဌေးလား? ချမ်းသာသလား?

ကလေးနှစ်ယောက် သူတို့နဲ့ မတန်မရာ ကုတ်အင်္ကျီ အဟောင်းကြီးတွေ ဝတ်ပြီး အပြင်ဖက်တံခါးကို တိုးဝင်လာကြတယ်။
"သတင်းစာအဟောင်း ရှိလား ဒေါ်လေး"
ကျွန်မက အလုပ်ရှုပ်နေတော့ "ဟင့်အင်း" လို့ ငြင်းလိုက်ချင်တာ။ သူတို့ခြေထောက်တွေကို ငုံ့ကြည့်မိတော့ နှင်းတွေ ရွှဲနေတဲ့ ဖိနပ်ပါးပါး သေးသေးလေးတွေ။
"ဝင်၊ ဝင်။ ကိုကိုး ပူပူလေး ဖျော်တိုက် မယ်" စကားပြန်ပြီး မပြောကြဘူး။
မီးလင်းဖိုဘေးက ကြမ်းခင်းကျောက်ပြားမှာတော့ သူတို့ဖိနပ်ရာတွေ ထင်ကုန်တယ်။ အပြင်က မေးခိုက်ခိုက်တုန်အောင် အေးတဲ့ဒဏ်ကို ခံနိုင်ဖို့ ကိုကိုးတခွက်နဲ့အတူ ပေါင်မုန့်ကို ယိုသုတ်ပြီး ကျွေးလိုက်တယ်။ ပြီးမှ မီးဖိုချောင်ဖက် ပြန်သွားပြီး၊ အိမ်ရဲ့ ရသုံးစာရင်းလေး တွက်ကြည့်နေမိတယ်။
အိမ်ရှေ့ခန်းက တိတ်ဆိတ်လွန်းနေတော့ ကျွန်မ သတိဝင်လာတယ်။ ကြည့်လိုက်တော့ ကလေးမက ဘာမှမရှိတော့တဲ့ ခွက်ကလေးကို လက် မှာကိုင်ပြီး ကြည့်နေတယ်။ ကောင်လေးက အသံခပ်အုပ်အုပ်နဲ့ မေးတယ်။ "​ဒေါ်လေးက ချမ်းသာသလားဟင်?" တဲ့။  "ချမ်းသာလား၊ ဘုရားရေ၊ ငါ မချမ်းသာပါဘူး။" ခြုံထားတဲ့ ခြုံစောင်အရှည် ခပ်နွမ်းနွမ်းလေးကို ပြန်ကြည့်မိတယ်။
ကလေးမက ခွက်ကို သူ့အောက်ခံခွက်အပေါ်မှာ ရိုရိုသေသေ ပြန်ချတယ်။ "ခွက်နဲ့ အောက်ခံပြားက လိုက်တယ်နော်" သူ့အသံက မွတ်သိပ်တောင့်တတဲ့ အသံ၊ ဒါပေမယ့် ဗိုက်ဆာတာနဲ့ မဆိုင်တဲ့ အသံ။ နောက်တော့ သူတို့ ပြန်သွားကြတယ်။ သတင်းစာတွေ ကိုင်ရင်း လေပြင်းဒဏ်ကို အံတုရင်းပေါ့။ ကျေးဇူးတင်တယ် လို့ ပြောမသွားကြဘူး။ ပြောဖို့ မလိုတော့ပါဘူးလေ။ ကျေးဇူးတင်တယ် ဆိုတာထက် အများကြီး ပြောသွားကြပြီပဲ။ အပြာရောင် ​ပြောင် (ဗြောင်) ခွက်နဲ့ အောက်ခံပြားလေး။ လိုက်တယ်ပေါ့။ အာလူးကို အနှစ်ကလေးနဲ့ မွှေပြီး ချက်ထားတယ်။  အာလူးဟင်း အနှစ်ကလေးနဲ့ပေါ့။ အိမ်အမိုးနဲ့ အကာနဲ့။ ကျွန်မ အိမ်သားက ပုံမှန်အလုပ်လေးနဲ့။ ဒါတွေအားလုံးကလည်း လိုက်ဖက်ညီနေသားပဲ။
မီးဖိုးနားက ကုလားထိုင်တွေကို နောက်ဆုတ်ရွှေ့လိုက်တယ်။ ဧည့်ခန်း သန့်ရှင်းရေး လုပ်တယ်။ ဖိနပ်သေးသေးလေးတွေရဲ့ ရွှံ့ခြေရာတွေဟာ အခန်းကြမ်းပြင်မှာ စိုနေဆဲပဲ။ ထားလိုက်။ ကျွန်မ သိပ်ချမ်းသာတာကို နောက်တခါမေ့ရင် သတိပေးဖို့ အဲဒီခြေရာလေးတွေကို ဆက်ရှိနေစေချင်မိတယ်။
- Marion Doolan

"စောင့်ရှောက်သူများ" (Those who take care)

 

 


ရွာက အကိုတဝမ်းကွဲက ဖုန်းခဏခဏ ဆက်တတ်တယ်။ ဆက်ရင် ညနက်သန်းခေါင်။ သူ့ပြဿနာက ညည အိပ်မရဘူး။ သူက အသောက်အစား ရှိတယ်။ စိတ်ဖိစီးတဲ့အခံလည်း ရှိတယ်။ အိပ်မရရင် ညနက်နက် မှာ သူ့သမီးတွေကို ဖုန်းဆက်တယ်။ ကျွန်တော့ကိုလည်း ညနက်သန်းခေါင် ဖုန်းဆက်ပြီ။ "ငါ အိပ်မရဘူးကွာ။"
အိပ်မရရင် တခါတလေ ရွာနဲ့ ခပ်လှမ်းလှမ်းက ဘူတာကို ရောက်သွားတတ်တယ်။ တခါတလေတော့ သူ့အသိရှိတဲ့ တခြားရွာကို ရောက်သွားတတ်တယ်။ ခေတ်ကာလ မကောင်းတဲ့အချိန် ဒီလို သွားနေတာက စိုးရိမ်စရာပါ။
ညအချိန်မတော် ဆက်ပေမယ့် ဖုန်းပိတ်မထားရက်ဘူး။ သူခေါ်ချိန် ကိုယ်သိရင် အကူအညီပေးရအောင် ဖုန်းဖွင့်ထားပါတယ်။
"အိပ်မရရင် ကျောကုန်းကို အပေါ်က ဖိပေး။ နဲနဲ နှိပ်ပေးဖို့ လိုတယ်။ လို့ ပြောတော့ "အနှိပ်ခံတာ အကျင့်ပါနေမယ်။" တဲ့။
"အကျင့်ပါတော့ ဘာဖြစ်တုန်း။ အိပ်ပျော်ဖို့ လိုတာ။" လို့ ပြောရတယ်။
တည၊ ညဆိုပေမယ့် အချိန်က မနက် ၂ နာရီကျော်။ အိပ်ပျော်ခါစ။ နာရီဝက်လောက်ပဲ အိပ်ရသေးတယ်။ ဖုန်းမြည်လာပြီ။ စိတ်မဆိုးအားဘူး။ "ငါ အိပ်မရဘူးကွာ။ ဆုတောင်းပေးဦး။" တဲ့။
"အေး၊ အေး" လို့ ဖြေရင်း ကိုယ့်အသံကြားရင် အိပ်နေသူတွေ အနှောက်အယှက်ဖြစ်မှာစိုးလို့ အိမ်အပြင် ထွက်လိုက်ပြီး ဝါးရုံပင်အောက် မှာ ဖုန်းပြောလိုက်တယ်။ ကျွန်တော့နားက အာရုံကြော အားနည်းပြီး သိပ်မသဲကွဲတော့ စပီကာဖွင့်ပြီး ပြောနေရတယ်။ ကိုယ်မကြားတော့ တဖက်လူလည်း မကြားလောက်ဘူး ထင်ပြီး အော်​ပြောတတ်တဲ့သူဆိုတော့ အိမ်နားနီးတွေ အချိန်မတော် လန့်မှာလည်း စိုးရသေးတယ်။
"ငါ အခု ဘယ်ရောက်နေလဲ သိလား" တဲ့။
"အိမ်မှာ မဟုတ်ဘူးလား" ဆိုတော့၊
"သင်းချိုင်းကုန်းမှာ။"
"ဟာ၊ ဒီအချိန်ကြီး သင်းချိုင်းကုန်းမှာ ဘာသွားလုပ်လဲ" ဆိုတော့၊
"ငါ့သမီးကို လွမ်းလို့။" တဲ့။
သူ့သမီးက အပျိုအရွယ်ရောက်မှ မနှစ်က ရောဂါနဲ့ ဆုံးသွားတယ်။ စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမယ့် ...
"အိမ်ကနေ လွမ်းရင်လည်း ရပါတယ်ကွာ။ အိမ်ပြန်တော့" လို့ ပြောရတယ်။
"ငါ့ကို ဆုတောင်းပေးကွာ။" သူစိတ်ချမ်းသာအောင် ဆုတောင်းပေးပါတယ်။ ဆုလည်း တိုတိုတောင်းရင် မကြေနပ်ဘူး။ ရှည်ရှည် တောင်းခိုင်းတယ်။ သူက ပြောသေးတယ်။ "ဆုတောင်းပြီးရင် ပဌနာတော် ရွတ်နော်။" တဲ့။ အမှန်က အဲဒီ The Lord's Prayer က ဆုတောင်းနည်း sample prayer ပါ။ ဒါပေမယ့် သူက သူ့ပြဿနာ ​ပြေလည်ဖို့ magic word လို ရွတ်ခိုင်းနေတာ။ ကျွန်တော် အဲဒီလို မယုံကြည်ပေမယ့် သူစိတ်ချမ်းသာအောင် ရွတ်ပေးပါတယ်။ ရွတ်ရတာက အရှိုလို။ အရှိုလိုပဲဖြစ်ဖြစ်၊ မြန်မာလိုပဲဖြစ်ဖြစ် ကျွန်တော် အကုန်မမှတ်မိပါ။ တဝက် လောက် မှာ မေ့ပါတယ်။ မေ့တော့ အစကနေ ပြန်ကြော့ပါတယ်။ ပိုသွားတော့လည်း ပိုပါစေပေါ့။ (ကျွန်တာ်တို့ အမျိုးက အဲဒီလိုပဲ။ အစားအသောက် စားခါနီး ဘုရားကို ကျေးဇူးတင်ကြောင်း ဆုတောင်းတယ်။ တခါတလေ ဆုတောင်းမိသလား၊ မတောင်းမိဘူးလား မသိဘူး။ ထမင်းစားလို့ ခဏကြာမှ သတိရတယ်။ မသေချာတော့ နောက်တခေါက် ပြန်ဆုတောင်းတယ်။ အနားကလူက ရိပ်မိရင် ဘယ်နှစ်ခါ တောင်းနေသလဲ လို့ အမေးခံရတယ်။ ကိစ္စမရှိဘူး။ တောင်းဖြစ်ဖို့ပဲ အရေးကြီးတာပါ ဆိုပြီး ထပ်တောင်းပါတယ်။ တချို့ကတော့ "အစကတည်းက လေးလေးနက်နက် မှ မရှိဘဲ" လို့ ပြောတယ်။ ပြောလည်း ခံရမှာပဲ။ အာရုံတွေ များနေတာကိုး။
အခုလည်း အစက ပြန်တောင်းပါတယ်။
ဆုတောင်းရင်းနဲ့ နားထဲမှာ အသံတွေ ကြားလာတယ်။ "အီ၊ အီ။" နဲ့ ညည်းသံ ကြားရတယ်။ ခြုံတောထဲက တိုးထွက်လာနေတဲ့ အသံ တရှဲရှဲကိုလည်း ကြားရတယ်။ စိတ်ထဲမှာလည်း "ငါ့အကိုတော့ လုပ်ပြီကွာ။ ဆုတောင်းစရာ နေရာ ရှားလို့၊ သင်းချိုင်းကုန်းကနေ ဖုန်းနဲ့ ဆုတောင်းရတယ်လို့။ အခု ဘာသံတွေ ပါလာလဲ မသိဘူး" လို့ ညည်းမိတယ်။
ကျွန်တော် သရဲ မကြောက်ပါဘူး။ ကျွန်တော်လေ့လာမိသလောက် သူတို့က သေသွားတဲ့လူတွေ မဟုတ်ဘူး။ fallen angles ကျဆင်းတဲ့ ကောင်းကင်တမန်တွေ။ လူတွေကို နားလည်လွဲအောင် အနှောက်အယှက်ပေးတာ။ ဒါပေမယ့် အခုက မကြောက်ဘူး ဆိုပေမယ့် နဲနဲလန့်လာတယ်။ မျက်စိထဲမှာ ခြုံကြားက တိုးထွက်လာသလို မြင်ယောင်လာတယ်။ ဆောင်းတွင်း မနက် ၂ နာရီ ၃ နာရီဆိုတာ အပြင်မှာ တုန်နေအောင် ချမ်းတာ။ ချမ်းတာရယ်၊ လန့်တာရယ် ပေါင်းတော့ ကြက်သီးထလာတယ်။ ဆုတောင်းပြီးတော့ ဖုန်းပိတ်လိုက်တယ်။ ဒါပေမယ့် "အီအီ" ဆိုတဲ့ အသံနဲ့ ခြုံတိုးသံက ကြားနေရဆဲပဲ။ လန့်ပီး နောက်လှည့်ကြည့်လိုက်တော့ အိမ်က ခွေး။ ချမ်းလွန်းလို့ ခြုံထဲမှာ ချာလည်ပတ်လည်နဲ့ ခွေအိပ်ဖို့ ကြိုးစားနေတာ။ အင်း၊ မင်းက တမှောင့် ဆိုပြီး ရီရခက်၊ ငိုရခက်။
ကျွန်တော့လိုပါပဲ၊ မိဘ၊ အဖိုးအဖွါး၊ သားသမီး၊ ညီအကို မောင်နှမ၊ မိတ်ဆွေ တယောက်က်ယောက်ကို ပစ်မထားရက်ဘဲ ဒုက္ခခံ စောင့်ရှောက်နေသူအားလုံး "Happy Valentine's day" ပါ။ ပျော်ရွှင်ကြပါစေ။


Saturday, December 12, 2020

ပင်စိမ်း၊ ကြက်ဟင်းခါးရွက်နဲ့ ခေါင်ရည်ချိုတခွက်

 


(နိုင်ငံရေးဆောင်းပါး ၃ ပုဒ် စုစည်းမှု ဖြစ်ပါတယ်။)

I. ပင်စိမ်း

"ကျွန်တော်သိတဲ့ မကွေးတိုင်း တိုင်းရင်းသား ဝန်ကြီးလောင်း ၃ ယောက်"
အမှန်က ၁၁ ဦး ရှိပါတယ်။ မသိတဲ့သူတွေများလို့ ကိုယ်သိတဲ့ ၃ ယောက်အကြောင်းပဲ ရေးနိုင်ပါတယ်။ ခွင့်ပြုချက်တွေ တောင်းထားတာ ကြာပြီဖြစ်ပေမယ့် ရေးသင့်မသင့် ချိန်ဆနေတာနဲ့ အခုမှ မိတ်ဆက်စကား ရေးပေးဖြစ်တယ်။ ကောင်းကြောင်းပဲ ရေးမယ်၊ မကောင်းကြောင်း/ အတင်းအဖျင်း မရေးဘူးလို့ သူတို့ကို ​ပြောထားပါတယ်။
တချို့က ကျွန်တော် တဖက်ဖက်က ရပ်တယ်လို့ ထင်တယ်။ ကျွန်တော်က ဘက်လိုက်လေ့ မရှိဘူး။ ဒါက ကျွန်တော့ တန်ဖိုးပါ။

မမှန်ဘူးထင်ရင် အမျိုးပါ မချန်ဘူး။ ပြတ်ပြတ်သားသား ရပ်တာကို ရင်းနှီးတဲ့သူတွေ သိပါတယ်။
အခု တချို့မိတ်ဆွေတွေ မေးလာတဲ့အခါ ပြောပြဖို့ လိုလာတယ်။
၁။ ဆလိုင်း အောင်မင်းလှိုင် (အရှိုချင်း အမျိုးသားပါတီ) ACNP
စကားပြောရင် အေးအေး ပြောတတ်တယ်။ အရင်ရွေးကောက်ပွဲကို ဝင်ခဲ့ဖူးတယ်။ ဘာသာပြန်စာအုပ် ၈ အုပ် ထွက်ခဲ့ပြီ။ နိုင်ငံရေးသမားတွေရဲ့ အထုပ္ပတ္တိစာအုပ်တွေများတယ်။ သူပြောတဲ့စကားတွေထဲမှာ "ဖက်ဒရယ်၊ ကိုယ်ပိုင်ပြဌာန်းခွင့်" စတဲ့ စကားလုံးတွေ မကြာခဏပါတတ်တယ်။
သူ့သိထားတဲ့ အသိ "knowledge" ကို လက်တွေ့မှာ ဘယ်လို အသုံးချနိုင်မလဲလို့ စိတ်ဝင်စားမိတယ်။ သိရသလောက်တော့ ချင်းဝန်ကြီးရဲ့ လုပ်ပိုင်ခွင့်က မရှိသလောက်ပါ။  ဘတ်ဂျက်လည်း မရှိသလောက်ပါပဲ။ ဒီလိုအခြေအနေမှာ မရရအောင်လုပ်ဖို့အတွက် wisdom (ပညာ/ ဖြတ်ထိုးဉာဏ်/ စိတ်ကူးစိတ်သန်း) နဲ့ တကယ်ရအောင် လုပ်မယ်ဆိုတဲ့ Zeal စိတ်ထက်သန်မှု လိုမယ်။ ဒီအစွမ်းတွေ ထုတ်ပြနိုင်မလားလို့ စိတ်ဝင်စားမိပါတယ်။
၂။ ဆလိုင်းအောင်ထွန်းမင်း (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) NLD
NGO အဖွဲ့တွေမှာ နှစ်အတော်ကြာ လုပ်ခဲ့ပြီ။ NLD ထဲက မိတ်ဆွေတယောက်က ဆက်သွယ် ကမ်းလှမ်းလာလို့ NLD ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်လွှာတင်တော့ အရွေးခံရတယ်။ NLD ဗဟိုဟာ Outsider (အပြင်လူ) ကို ထည့်သုံးတာ တွေ့ရတယ်။
(သူနဲ့ ကျွန်တော်က ညီအကိုလို ခင်မင်တာ အနှစ် ၃၀ လောက် ရှိပါပြီ။ တကျက်ကျက်လည်း အပြန်အလှန် ငြင်းခုံကြပါတယ်။ 

အခုသူ့လက်ကမ်းစာရဲ့ ဒီဇိုင်းကို ကျွန်တော် ကူညီဆွဲပေးရပါတယ်။ တခြား NLD ဝေစာဒီဇိုင်းတွေနဲ့ မတူပါ။ ဒီလိုဖြစ်ဖို့ အရင် ငြင်းကြရသေးတယ်။)
သူ့အနေနဲ့ NGO တွေမှာ လုပ်ခဲ့တဲ့ ဖွံွဖြိုးရေးအတွေ့အကြုံ Experience ရှိတယ်။ လုပ်တတ်မယ်။ ဒါပေမယ့် NGO တွေမှာ ဘတ်ဂျက်က ရယ်ဒီပါ။ အစိုးရထံက ဘတ် ဂျ က် မရရင် သူ ဘယ်လို ရှာကြံလုပ်မလဲလို့ တွေးမိတယ်။ မရရအောင် ရှာကြံလုပ်မယ့် Idea တွေ လိုမှာပေါ့။ အဲဒီလိုအစွမ်းပြနိုင်မလား လို့ စိတ်ဝင်စားပါတယ်။
၃။ ဦးအေးထွန်းမင်း (ချင်းတိုင်းရင်းသားများ ပါတီ) CNP
သူက အသက်အငယ်ဆုံး ဖြစ်တယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရှုံးခဲ့ပေမယ့် ပျောက် မသွားဘူး။ တတ်နိုင်သမျှ ဆက်လုပ်တယ်။ စိတ်အားထက်သန်မှု Zeal ရှိတယ်။ နိုင်ငံခြားမှာ အလုပ်သွားလုပ်ချင်သူတွေအပေါ် ပွဲစားတချို့ရဲ့ ငွေကြေးလိမ်လည်မှုတွေကို ကူညီ ဖြေရှင်းခဲ့တယ်။ အလိမ်ခံရတဲ့ ငွေတွေ ပြန်ရကြတယ်။ တကယ်လက်တွေ့ အကျိုး ရှိခဲ့ပါတယ်။
သူ့မှာရှိထားတဲ့ စိတ်ထက်သန်မှု Zeal အပေါ်မှာ အသိပညာ knowledge တွေ ဘယ်လောက်ထပ်​ပေါင်း လုပ်ဆောင်နိုင်မလဲလို့ စိတ်ဝင်စားစွာ စောင့်ကြည့်နေပါတယ်။ (သူ့ရဲ့ ဝေစာနဲ့ Facebook ပရိုဖိုင်းဘောင်ကို ကျွန်တော်ပဲ ဒီဇိုင်းလုပ်ပေးခဲ့ပါတယ်။)
 

မိတ်ဆွေ တယောက်က မေးလာတယ်။ "အဲဒီ ၃ ယောက်ကို အမှတ်ပေးကြည့်ပါဦး" တဲ့။ (ထောင်ချောက်ဆင်တဲ့ မေးခွန်းနှော)
ကြားညပ်မယ့် မေးခွန်းပဲ။ ကွေ့ပတ်ဖြေလိုက်ပါတယ်။ "အမှတ်ပေးရအောင် ဒိုင်လူကြီးမှ မဟုတ်တာ။ ကျွန်တော်က နှစ်ပေါင်း ၂၀ ကျော် ကျောင်းဆရာ လုပ်လာတာ။ ကျောင်းဆရာဆိုတာ လူမြင်ရင် တပည့် (ဒဘဲ့) ထင်တာ။ ပြောစကား နားထောင်ရင် 'မဆိုးဘူး၊ တက်လမ်း ရှိတယ်။ အောင်မြင်ဦးမယ်' လို့ ​ပြောပြီး၊ နားမထောင်ရင် 'အလကားပါကွာ၊ မစွံပါဘူး၊ တိုးတက် မှာ မဟုတ်ဘူး' လို့ ပြောတတ်တာလေ။" လို့ ဖြေလိုက်တယ်။ ပြီးမှ ကျွန်တော့အဖေအ​​ကြောင်း ရယ်စရာ ပြောပြဖြစ်တယ်။ လူဆိုတာ ကိုယ်သန်ရာ သန်ရာ နေကြတာ။ ကိုယ်အာရုံနဲ့ကိုယ် မဟုတ်လား။
ငယ်ငယ်ကပေါ့။ အိမ်ထဲမှာ အပါနဲ့ ထိုင်နေကြတယ်။ ဧည့်သည့် အမျိုးသမီး ၂ ယောက် ဝင်လာတယ်။ ဗိုက်ဖုံးအင်္ကျီတွေနဲ့။ အဲဒီအချိန်မှာ အပါက ငှက်ဖျားဌာနကနေ ပင်စင်ယူထားပြီ။ အပါက ငှက်ဖျားအလုပ်ကို တကယ်စိတ်ဝင်စားတယ်။ ရွာတွေအရောက် ဆေးဖျန်းသွားတယ်။
အဲဒီတော့ အပါက အမျိုးသမီးတွေကို မေးတယ်။
"ဘာကိစ္စလဲ?"
"သိပ်နေမကောင်းလို့" လို့ အလွယ် ဖြေကြတယ်။ (အမှန်က ဗိုက်ထဲက ကလေး အနေအထား လွဲနေတာ။)
အပါ စိတ်ဝင်စားသွားတယ်။ နေမကောင်းဘူး လို့ ပြောတာကိုး။
"အခုရက်ပိုင်း ခရီးသွားကြသလား?"
"မသွားပါဘူး။"
"ဖျားတော့ ဘယ်လိုဖျားသလဲ? ပုံမှန်လား? ရက်ချာလား?"
အမျိုးသမီးတွေဟာ ဘာဖြေရမှန်း မသိဘဲ ကြောင်ကြည့်နေကြတယ်။
အပါက သေချာအောင် ဆက်မေးတယ်။ "ဖျားရင် တုန်တုန်ချမ်းသလား?"
အမျိုးသမီးတွေ ဘာပြောရမှန်းမသိတော့အချိန်မှာ မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေတဲ့ "အာအူ" အမေ ပြေးလာတယ်။ သူ့ကို ဗိုက်လာပြတဲ့ ကိုယ်ဝန်ဆောင်တွေလို့ ဝင်ပြောမှ ​အားလုံးသဘောပေါက်တော့တယ်။ ကျွန်တော် အံ့ဩမိတာက အပါဟာ ဗိုက်ဖုံးအင်္ကျီကြီးနဲ့ ကိုယ်ဝန်ဆောင် နှစ်ယောက်ကို မမြင်တာပဲ။ နေမကောင်းဘူးဆိုရင် ငှက်ဖျားလို့ပဲ စိတ်ထင်နေတယ်။ အပါ့ကို အံ့ဩသလို ဗိုက်ကားကားကြီးတွေကို စိတ်မဝင်စားလို့ လေးလည်း လေးစားမိပါတယ်။
***
အဲဒီတော့ ကျွန်တော်လည်း အမှတ်မပေးတတ်ဘူး။ ရွေးကောက်ပွဲနိုင်ရင် အခက်အခဲတွေ ကူညီနိုင်ပါစေ၊ ပံ့ပိုးပေးနိုင်ပါစေလို့ပဲ မြော်လင့်ပါတယ်။
ဒီနေရာမှာ အရှိုတွေက ဘယ်သူ့ကို ကြိုက်သလဲ လို့ စိတ်ဝင်စားတယ်။ သူ့အကြိုက်နဲ့သူပေါ့။ သီချင်းနားထောင်တာ ဝါသနာပါတာ တူပေမယ့် တချို့က သီချင်းချိုချို Pop ကို ကြိုက်တယ်။ တချို့က ခပ်ကြမ်းကြမ်း Rock မှ ကြိုက်တယ်။ တချို့ကျတော့လည်း ပေါက်ကွဲထွက်လာတဲ့ Heavy Metal ကိုမှ စိတ်ကြေနပ်တယ်ပေါ့။ လူကြိုက် များတဲ့သူ နိုင်ဖို့ပါပဲ။
ကိုယ်စားလှယ်လောင်းတွေ စိတ်ရောကိုယ်ပါ ပင်ပန်းရောပေါ့။ အနားယူကြပါ။
မဲဆွယ်ပေးသူတွေလည်း တယောက်နဲ့တယောက် ခပ်ကြမ်းကြမ်းတွေ စိတ်နာစရာ မပြောမိဖို့ လိုပါတယ်။ အခုက နေရာယူဖို့ပဲ ရှိပါသေးတယ်။ အလုပ်လုပ်မှ အသည်းအသန် ကြိုးစားရမှာ မဟုတ်လား?
အခုပို့စ်က အညှီပျောက်ရုံ ပင်စိမ်း ခပ်တာပါ။ နောက်ပို့စ်တခုမှာ ကြက်ဟင်းခါးရွက် အုပ်ပါမယ်၊ နည်းနည်းပေါ့။ များသွားလည်း မကောင်ဘူးလေ။  🙂

II. ကြက်ဟင်းခါးရွက်

ကဲ - ကြက်ဟင်းခါးရွက် ယူလာပါပြီ။
၁။ လူကြိုက် များခြင်း ပေါ်ပြူလာဖြစ်ခြင်းဟာ အနတ္တပါ။ မတည်မြဲဘူး။
သမိုင်းတလျှောက် မှာ ဖြစ်လေ့ရှိတဲ့ နိုင်ငံရေးဇာတ်လမ်းလေးက ....  
 "ဆုံးမခြင်းကိုမခံ၊ အသက်ကြီး၍ မိုက်သော ရှင် ဘုရင်ထက်၊ ပညာရှိသောဆင်းရဲသား သူငယ်သည် သာ၍မြတ်၏။ ထိုသို့သော သူငယ်သည် ထောင်ထဲကထွက်၍၊ နန်းတော်ပေါ်သို့ရောက်တတ်၏။ ထိုသို့သောရှင်ဘုရင် မူကား၊ အဘအရိပ်အရာနှင့် နန်းထိုင်သော်လည်း၊ ဆင်းရဲခြင်းသို့ ရောက်တတ်၏။
နေအောက် မှာ ကျင်လည်သော သတ္တဝါ အပေါင်းတို့သည် မင်းအရိပ်အရာကိုခံရသော ထိုဒုတိယ သူဘက်၌ နေတတ်ကြသည်ကို ငါဆင်ခြင်၏။
ထိုမင်းအုပ်စိုးသော သူအပေါင်းတို့ကို ရေတွက် ၍ မကုန်နိုင်။ နောက်လာသောသူတို့သည်လည်း၊ ထိုမင်းကို အားမရဘဲနေကြလိမ့်မည်။ အကယ်စင်စစ် ထိုအမှုအရာသည်လည်း အနတ္တအမှု၊ လေကို ကျက်စား သောအမှုဖြစ်၏။" ဒေသနာကျမ်း။  4:13-16
အားမရဘဲနေလိမ့်မယ်တဲ့။ အထင်ရှားဆုံး ဥပမာက NLD ပါပဲ။ ပြီးခဲ့တဲ့ ၂၀၁၅ မှာ သောင်ပြိုကမ်းပြို နိုင်ခဲ့တယ်။ နောက်နှစ်နည်းနည်းကြာတော့ တချို့က အားမရတော့ဘူး။ အားမရရင် တချို့က သည်းခံပေမယ့် တချို့က ဆဲလာတယ်။
ဘာလို့အားမရတာလဲ?

၁။  လူတွေမှာ အလွဲမြော်လင့်ချက် false hope တွေ ရှိနေတယ်။ 

ကိုယ်အထင်ကြီး လေးစားတဲ့သူမှာ တကယ်မရှိတဲ့ အရည်အချင်းတွေ ရှိမယ်လို့ အလွဲထင်ထားတတ်တယ်။ အဲဒီတော့ ကိုယ်မြော်လင့်တာတွေ ဖြစ်မလာတော့ အားမရတော့ဘူး။  


ဒါမျိုးကို ကျောင်းဆရာလောကမှာ တွေ့ရတတ်တယ်။ ဆရာအသစ် ကျောင်းခန်းအသစ်ကို ရောက်ရင်ပေါ့။ အရင်ဆရာတွေရဲ့ နေပုံထိုင်ပုံနဲ့ သိပ်ကွာနေရင် ကျောင်းသားတွေ စိတ်ထဲမှာ ကသိကအောက် ဖြစ်တတ်တယ်။ ငယ်ငယ်က စာသင်ချိန်တချိန်မှာ ဆရာအသစ် ဝင်လာတယ်။ ပုဆိုးအစိမ်းကို ခပ်တိုတို ဝတ်လာတယ်။ လက် မှာ ဆေးလိပ်တိုနဲ့။ စာသင်ဖို့ စာအုပ်မပါဘူး။ လိုက်ရေးဆိုပြီး စကားပြောသလို လျှောက်ပြောသွားတယ်။ ကျွန်တော်တို့မှာ အထူးအဆန်း။ မိန်းကလေးတွေက ပြုံးစိစိနဲ့ ခေါင်းငုံကြ၊ ယောင်္ကျားလေးတွေက ဘာလဲဟ ဆိုတဲ့ သဘောနဲ့ တယောက်နဲ့တယောက် ကြည့်ကြတယ်။ ကျောင်းသားတွေရဲ့ အသိစိတ်မှာ ဆရာဆိုတာ ဘယ်လို ဖြစ်နေရမယ်ဆိုတဲ့ ကြိုတင်သတ်မှတ်ချက်တွေ ရှိနေတယ်။ တကယ်တော့ အဲဒီဆရာက တော်ပါတယ်။ တက္ကသိုလ်၊ ကောလိပ်မှာ သင်သလို လာသင်ပေးတာပါ။  
အဲဒီတော့ ရွေးကောက်ပွဲနိုင်တဲ့အခါ ဝန်ကြီးကိုယ်တိုင်မသိလိုက်တဲ့ အရည်အချင်းတွေကို လူတချို့ မြော်လင့်နေတာ သတိပြုရမယ်။ တချို့ ပြစ်တင်ဝေဖန်နေပါလိမ့်မယ်။ လူ့အလို၊ ဝန်ကြီး မလိုက်နိုင်ဖြစ်လိမ့်မယ်။
- အားမရတဲ့ ဒုတိယအချက်က ခေတ်က အမြဲ​ပြောင်းနေလို့ပါ။ နောက်လူတွေက ကိုယ့်ကို အားမရဘဲနေမှာပါ။ လူဆိုတာ ကလေးအရွယ် ၇ နှစ်လောက် မှာ "အဖေ တော်တော်သိတာပဲ" လို့ အဖေ့ကို အထင်ကြီးပေမယ့် ဆယ်ကျော်သက်လည်း ရောက်ရော "အဖေက ဘာသိလို့တုန်း" လို့ ဖြစ်တတ်တာကိုး။ ဝန်ကြီးရော ကျွန်တော်တို့ပါ အားလုံးကြိုးစားနေရမှာပါ။

၂။ အစိုးရဆိုတာ ရာသီဥတုနဲ့ တူတယ်။

ရာသီဥတုကောင်းရင် သီးနှံအထွက်ကောင်းမယ်။ ရာသီဥတု မကောင်းရင် ဘယ်လိုလုပ်မလဲ? ဒီလိုပဲ ရှာကြံကြိုးစားကြရမှာပေါ့။
ဝန်ကြီးဟောင်း မင်းကန် ဦးလှထွန်းက "လုပ်ပိုင်ခွင့်က သိပ်မရှိသေးတော့ အများကြီး မြော်လင့်လို့ မရသေးဘူး။ အကောင်းဆုံးက ကိုယ့်အခြေအနေကိုယ် အကောင်းဆုံးဖြစ်အောင် ကြိုးစားကြဖို့ပဲ။" ဆိုတဲ့သဘော ပြောပါတယ်။ မှန်ပါတယ်။ အစိုးရကိုပဲ အားကိုးနေတဲ့စိတ်ကို လျော့ချဖို့ လိုတယ်။ အစိုးရမကောင်းလည်း ကိုယ်တိုင် အောင်မြင်အောင် နည်းလမ်းရှာကြံ ကြိုးစားကြရမှာပါ။ အစိုးရကလည်း ကောင်း၊ ကိုယ်တိုင်လည်း အောင်မြင်အောင် ကြိုးစားရင်တော့ ဘာပြောကောင်းမလဲ?

၃။ နိုင်ငံရေးကို ပညာရပ်တခုလို လေ့လာဖို့ လိုတယ်။ 


ဘယ်အလုပ်ပဲ လုပ်လုပ်၊ သင်ယူရတယ်။ တဖက်ပါတီ မကောင်းကြောင်း ပြောတာက ပညာရပ်တခုမှ မဟုတ်ဘဲ။ ဒါမျိုးက သင်ဖို့ မလိုလောက်ပါဘူး။
အမေရိကန် သင်ရိုးတခုမှာ Grade 1 တတန်းကျောင်းသားတွေကို Purpose of Government ကို သင်တာတွေ့ရတယ်။ "အစိုးရရဲ့ အလုပ်" ပဲ ဆိုကြပါစို့။ "The purpose of government is to keep people safe and to help people work together." "အစိုးရဆိုတာ လူအများ ဘေးကင်းဖို့၊ အလုပ် အတူလုပ်နိုင်ဖို့ ကူညီရမယ်" လို့ ဆိုတယ်။ တတန်းမှာ သင်တာနော်။ ကျွန်တော်တို့ အတော်နောက်ကျခဲ့ပါတယ်။
နိုင်ငံရေးက အတော်ကျယ်ဝန်းတဲ့ပညာပါ။ သမိုင်း၊ ပထဝီ၊ စီးပွါးရေး၊ သဘာဝပတ်ဝန်းကျင်၊ နိုင်ငံခြားရေး၊ ပြည်တွင်း စီမံခန့်ခွဲမှု၊ လက်ဝဲလက်ယာ အယူအဆများ၊ လူ့ဘဝနဲ့ လူမှုပြဿနာအထွေထွေ၊ လူမျိုးများအကြောင်း၊ အတွေးအခေါ်၊ ဘာသာတရား စတာတွေ ပါဝင်ရောယှက်နေတယ်။
စာတွေ့သင်ယူလေ့လာဖို့ လိုသလို ကျွမ်းကျင်စွာ လက်တွေ့အကျိုးရှိအောင် သုံးတတ်တဲ့ wisdom ပညာလည်း လိုတယ်။
ဒီမှာက ရွေးကောက်ပွဲ ဆောင်ပုဒ် slogan ကိုပဲ ကြည့်ပါဦး။
1. Change - 2008, Obama
ပြောင်းလဲချိန် တန်ပြီ။
2, Forward - 2012, Obama
ရှေ့သို့လှမ်းချီ။
ပြီးခဲ့တဲ့ ၂၀၁၅ ရှေးကောက်ပွဲ ဆောင်ပုဒ်တွေနဲ့ အတော်တူနေတာ တွေ့ရတယ်။ တခါတခါလည်း စဉ်းစားမိပါတယ်။ ကော်ပီလုပ်တာ သီချင်းတို့၊ ရုပ်ရှင်တို့ပဲ မဟုတ်လောက်ဘူးလို့။
နိုင်ငံရေးစိတ်ဝင်စားရင် လူငယ်တွေဟာ နိုင်ငံရေးကို ပညာရပ်တခုလို လေ့လာသင့်ပါပြီ။

၄။ ချက်ချင်းကြီး ပြောင်းမရတဲ့ အရာတွေ

တချို့အရာတွေက မြန်မြန်ပြောင်းလေ ကောင်းလေပဲ။ လူတွေ ဝန်ပိနေတာ၊ စိတ်အနှောက်အယှက် ဖြစ်နေတာတွေက ချက်ချင်းပြောင်းလေ ကောင်းလေပါပဲ။ ဥပမာ၊ လမ်းစည်းကမ်းအတွက် ဒဏ်ရိုက်နေတာမျိုးထက် ဖြည်းဖြည်းချင်း ပညာပေး၊ တဆင့်ချင်း ဒီဂရီနဲ့ ဒဏ်ရိုက်လုပ်သင့်ပြီ။ ငွေဖန်တာမျိုး မဖြစ်သင့်ဘူး။ Caught in Providence မှာ မြို့နယ်လူကြီးရဲ့ ကြင်နာပုံလေးတွေကို တာဝန်ရှိသူတွေ ကြည့်သင့် အတုယူသင့်ပါတယ်။ အာဏာပြ ရမ်းအုပ်ချုပ်နေတာတွေ ချက်ချင်း ရပ်သင့်ပါပြီ။
ဒါပေမယ့် အတွေးအခေါ် အယူအဆ၊ ဘာသာတရား ယုံကြည်မှုတို့နဲ့ဆိုင်ရင် ချက်ချင်း ပြောင်းစေချင်လို့ မရဘူး။
အသိမိတ်ဆွေတယောက်ရဲ့ ညီမက ရေးတဲ့ပို့စ်လေး ဖတ်မိတယ်။ ပြုံးမိလို့ပါ။ သူတို့မှာ အဖေ၊ အမေ၊ မွေးချင်း ၁၀ ယောက်နဲ့ တူတူမ ၁၀ ယောက် ရှိပါသတဲ့။ အဖေနဲ့အကိုကြီးက တစည၊ အကို ၃ ယောက်က အနီ၊ ကျန်တာအားလုံးက အစိမ်းတဲ့။

သူပြောတာက "ဘယ်လိုပဲ အရောင်တွေ ကွဲနေပါစေ။ သူတို့အတွက်ဆို ဘာမဆို ပေးဆပ်ချင်နေတာပါ" တဲ့။ မေတ္တာ မပျက်ကြဘူးပေါ့။ နောက်လိုက်သေးတယ်။ " အငြင်းသန်ဆုံးကတော စလုံးက အကိုနဲ့ ရန်ကုန်က မောင်လေး၊ ဟုတ်တယ်ဟုတ်" တဲ့။ (သူတို့က အနီတွေပေါ့)
ဒီအချိန်မှာ ကျွန်တော်တို့ မိတ်ဆွေ (အနီ) က ဝင်နောက်တယ်။ "အမေ့အရိပ်အောက်က လွတ်လပ်တဲ့ ဒီမိုကရေစီ မိသားစုလေးပါ။"
အဲဒီအောက် မှာ ညီအမတတွေ ပြန်ပြောကြပါလေရော။ "ကျွန်မတို့အမေက အိမ်မှာ။" အမေ ဘယ်သူလဲ "သေချာမသိရင် အိမ်က အမတွေ၊ ညီတွေနဲ့ တိုင်ပင်ဦး" တဲ့။ ပြုံးမိပါတယ်။ မေတ္တာမပျက်တာ တကယ်ကောင်းပါတယ်။ ကျွန်တော်တို့ ယုံကြည်သလို၊ လေးစားတန်ဖိုးထားသလို တခြားသူတွေ လိုက် မလုပ်နိုင်တာကိုလည်း နားလည်ပေးဖို့ သက်ညှာဖို့ လိုတယ် မဟုတ်လား။
သိုးနွားဆိတ်တွေ ကျောင်းတဲ့အခါ သားငယ်ရှိတဲ့ သိုးအုပ်၊ နွားအုပ်၊ ဆိတ်အုပ်ကို ခရီးပြင်း နှင်ချင်လို့ မရဘူး။ စောင့်ခေါ်ရမယ် မဟုတ်လား? တနေ့ချင်းမှာ ခရီးပြင်းနှင်ရင် သေမှာပေါ့။ ဦးဆောင်သူဆိုတာ နူးညံ့တဲ့အရာတွေ၊ အကြမ်းမခံတဲ့အရာတွေကို သက်ညှာရမယ် မဟုတ်လား။
ကြက်ဟင်းခါးဟာ သိပ်ခါးလှမယ်လို့ မထင်ပါဘူး။ လေးနက်ရုံပါပဲ။   🙂
အခု ပင်စိမ်းနဲ့ ကြက်ဟင်းခါး ရပါပြီ။ အဆင်ပြေရင် ရိုးရာခေါင်ရည်ချို တခွက်လောက် တိုက်ချင်ပါသေးတယ်။ ရီဝေဝေလေးပေါ့။ 
🙂 


III. ခေါင်ရည်ချိုတခွက်

ညီငယ်တယောက်က ဖုန်းဆက်တယ်။ "ရွေးကောက်ပွဲအပြီး အရှိုတွေ အုပ်စုကွဲကုန်ပြီ။ လူငယ်တွေ အွန်လိုင်းမှာ အခြေအတင်တွေ ပြောကုန်ပြီ။ အဲဒါ ဝင်ပြောဦး" တဲ့။
"ငါ ဝင်ပြောတော့ ငါ့ကို ဆဲမှာပေါ့။" ဆိုတော့ ...
"မဟုတ်ဘူးလေ၊ ပို့စ်လေးတခုလောက် ရေးပြီး ထိန်းဦး။ ခေါင်ရည်တခွက် တိုက် မယ် လို့ ပြောထားတယ် မဟုတ်လား" တဲ့။  
သူနဲ့ဖုန်းပြောပြီးမှ ပြုံးမိတယ်။ ခေါင်ထည့်ရင် စိတ်ရှည်ရတယ်။ ခေါင်အိုးနား သွားထိုင်၊ "သောက်လို့ရပြီလား" ဆိုပြီး ဖွင့်ကြည့်လိုက်၊ "မရသေးဘူး" ဆိုပြီး ပြန်ပိတ်လိုက် လုပ်လို့ မရဘူး။ ခေါင်ထည့်ရင် စိတ်ရှည်ရမယ်။  🙂
ဦးလေးတယောက်က ပြောဖူးတယ်။ ပန်းတောင်းဖက်က အရှိုချင်း ဦးလေးကြီးတ‌ယောက်အကြောင်း။ သူက ပြတ်တယ်။ "ငါ့ဘဝမှာ ဗမာ (ဝနူ) ထည့်တဲ့ ခေါင်ရည် မသောက်ဘူး။ ချင်းမ(အရှိုးနူ) လုပ်တဲ့ မုန့် မစားဘူး" တဲ့။ သူ့စကားက ရုတ်တရက်ဆို လူမျိုးရေး မုန်းတီးမှု လို့ ထင်ရပေမယ့် ဘဝအတွေ့အကြုံနဲ့ စဉ်းစားတွေးခေါ်မှုကလာတဲ့ ပညာစကားပါ။
အရှိုက ခေါင်ရည်ထည့်ရင် ချက်ချင်း မရဘူး။ စိတ်ရှည်ရတယ်။ စောင့်ရတယ်။ စိတ်ချလက်ချ ပစ်ထားရတယ်။ ခေါင်ထည့်ပြီး တနေကုန် တောင်ယာမှာ တခြား အလုပ်သွားလုပ်နေလို့ ရတယ်။
မြန်မာ မုန့်လုပ်တာက တမျိုး။ သူ့မုန့်အများစုက အိုးကင်းမှာ ကြော်ရတယ်။ အထက် မီး အောက် မီး ပေးရတယ်။ ဟိုအကြောင်း ဒီအကြောင်း၊ ရောက်တတ်ရာရာ စကားလေး တပြောပြောနဲ့ လက်က အငြိမ်မနေ၊ ယောင်းမနဲ့ ဟိုလှန် ဒီလှန်၊ ဟိုရွှေ့ ဒီရွှေ့ လုပ်ရတယ်။ မုန့်ကြော်တုန်း "ဟိုဖက်အိမ် အလည်ခဏ သွားဦးမယ်" လို့ ပြောလို့ မရဘူး။ တူးကုန်မယ်။
အငြိမ်နဲ့ အသွက် သဘာဝ မတူတာကို ဦးလေးကြီးက ပြောတာပါ။ တက္ကသိုလ်က ဘွဲ့သာ မရခဲ့ချင်သာနေမယ်။

သူပြောတဲ့အကြောင်းအရာဟာ တက္ကသိုလ်မှာ သင်တဲ့ Anthropology မနုဿ ဗေဒမှာ ထည့်သင်ရမယ့် အကြောင်းအရာပါ။ မနုဿ ဗေဒ ဆိုတာ လူမျိုးတွေအကြောင်း လေ့လာတဲ့ပညာ။ နိုင်ငံရေးကို စိတ်ဝင်စားရင် လူမျိုးတွေအကြောင်း ထည့်လေ့လာပါ။
အဲဒီတော့ လူငယ်တွေ၊ ကိုယ်က အရှိုမဟုတ်လား။ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒ၊ ရည်မှန်းချက်၊ စိတ်ကူး စိတ်သန်းတွေကို တဆေး (ကဇော်) နဲ့ ခေါင်ထည့်သလို အေးအေးဆေးဆေး နှပ်ထားလိုက်ပါ။ ယောင်းမကြီးနဲ့ ထ,ထ မထိုးပါနဲ့။ အေးအေးဆေးဆေး လုပ်ကြပါကွယ်။  🙂
ကဲ - လာပြီ။ ခေါင်ရည်နော်၊ အချိုရည် မဟုတ်ဘူး။
၁။ အမျိုးသားနိုင်ငံရေးဆိုတဲ့ စကားလုံးက ဂျင်းပါ။
အရင်စစ်အစိုးရခေတ်မှာ သူပဲနိုင်ငံရေးလုပ်မယ်၊ တခြားသူတွေ မလုပ်စေချင်တော့ ဝန်ထမ်းတွေ ပါတီနိုင်ငံရေး ကင်းရှင်းရမယ်၊ ငါတို့က အမျိုးသားနိုင်ငံရေး လုပ်တာ" လို့ ဂျင်းထည့်ကြတယ်။ အဲဒီစကားကို အခုအချိန်မှာ တချို့နိုင်ငံရေးသမားတွေ သံယောင်လိုက်ပြီး ပြောနေတာဟာ ဆေးသားညံ့တာပါ။ ဒီလိုဆေးသားနဲ့တော့ ဘာပြုပြင်ပြောင်းလဲရေး၊ ဘာတိုးတက် မှုမှ လုပ်နိုင်မယ် မထင်ဘူး။ တချို့နိုင်ငံရေးသမားက "လက်တွေ့က" လို့ ပြောရင်ရသားနဲ့ "မြေပြင်အခြေအနေ" လို့ သုံးကြတယ်။ စစ်ဗိုလ်ချုပ်တွေ အုပ်ချုပ်တာ ကြာတော့ စစ်တပ်စကားတွေတောင် လိုက်ပြီး ပြောတတ်နေကြပြီပေါ့။ အဲဒီလို သံယောင်လိုက်သူတွေ နိုင်ငံရေးလုပ်လည်း ဘာမှ ထူးထူးခြားခြား ပြောင်းလဲလာမှာ မဟုတ်ဘူး။
၂။ နိုင်ငံရေးပါတီတွေေနဲ့ မီဒီယာတွေရဲ့စကားကို စဉ်းစားချင့်ချိန်ပါ။ ရမ်း လက်မခံနဲ့။
တချို့က နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ နီးစပ်လို့ ဝင်ပါပြီး၊ နိုင်ငံရေးလောကရဲ့ အတင်းအဖျင်းလောက် ပြောရရင် ကြေနပ်နေတာ။ နိုင်ငံရေးကို ပညာရပ်တခုလို မလေ့လာဘူး။
သတင်းမီဒီယာမှာလည်း bias (ဘိုင်းယားစ်) ဆိုတဲ့ ဘက်လိုက် မှုတွေ ရှိတယ်။ Not for sale ဆိုတဲ့ ငွေနဲ့ ဝယ်လို့မရတဲ့သူ၊ ငွေနဲ့ပေါက်လို့ မရတဲ့သူဆိုတာ နယ်ပယ်စုံမှာ ရှားပါးပစ္စည်းပါ။
တခါ တချို့ကလည်း unbias ဘက် မလိုက်ဘူး ဆိုပြီး ဒဏ်ရာရထားတဲ့ ကျားတွေ ခြင်္သေ့တွေ ဆွဲထုတ်တဲ့ မီဒီယာလည်း ရှိတယ်။ ပွဲဆူရုံပဲရှိမယ်။ ဘာမှ မ​ပြောင်းလဲ၊ မတိုးတက်နိုင်ဘူး။ နားပါစေတော့။
အနည်းဆုံးတော့ Facebook ပို့စ်တခုကို ဘယ်အုပ်စုက တင်မှန်းမသိဘဲနဲ့တော့ နိုင်ငံရေး မလုပ်သင့်ဘူး ထင်တယ်။ NLD ထောက်ခံသူတချို့က တဖက်ကတင်တဲ့ ပို့စ်ကို အားရပါးရ ရှဲနေတာလည်း တွေ့နေရလို့ပါ။ လူငယ်မပြောနဲ့ လူကြီးတွေပါ ပါနေတယ်။
၃။ နိုင်ငံရေးမှာလည်း တလွဲအယူအဆ myths တွေ ရှိတယ်။ 

အဲဒီ myths တွေကို ပါတီအများစုနဲ့ မီဒီယာအများစုက ဖြန့်နေတယ်။ ဒါက အလွဲတွေ။ ဥပမာပြောရရင် -
က။ NLD ဟာ တပါတီအာဏာရှင် ဖြစ်သွားမှာ စိုးရတယ်ဆိုတဲ့ တလွဲအယူအဆ (ဂျင်း)
-  စစ်တပ်က နိုင်ငံရေးက မထွက်သေးဘဲ ....
-  (အ​မေရိကန်မှာပင် ရီပတ်ပလီကင်နဲ့ ဒီမိုကရက် နှစ်ပါတီပဲ လူသိများတဲ့အချိန်မှာ) ကိုယ့်နိုင်ငံမှာ နိုင်ငံရေးပါတီပေါင်း ၉၇ ပါတီ မှတ်ပုံတင်ထားပါလျက် ...
- ဆိုရှယ်မီဒီယာ Facebook ကို သုံးနေရပါလျက်နဲ့ တပါတီအာဏာရှင်ဖြစ်မှာ စိုးရတယ်ဆိုတာ myth (မစ်သ်) တလွဲအယူပါ။ ဒီထက်ပိုပြောရရင် ဂျင်းပါ။
ခ။ ကိုယ့်လူမျိုးစု ရပိုင်ခွင့်။
ရုတ်တရက် ကြားရရင် အဟုတ်ပဲ။ ရပိုင်ခွင့်ဆိုတော့ ရသင့်တာပေါ့။  ဒါပေမယ့် ကိုယ်မတောင်းဘဲ ရသွားတာတွေလည်း ရှိတာကို ထည့်တွက်ရမယ်။
ဒုတိယကမ္ဘာစစ်အပြီး အင်္ဂလိပ်က သူသိမ်းပိုက်ခဲ့တဲ့ နိုင်ငံတွေကို လွတ်လပ်ရေး ပေးရတယ်။ မြိုထားသမျှ ပြန်အန်ရတယ်။ အမှန်က အေးအေးဆေးဆေး ဖြစ်သင့်တယ်။ ဒါပေမယ့် နိုင်ငံရေးသမားတွေ စိတ်လှုပ်ရှားနေတယ်။ သူ့ကျွန်ဘဝတွေ၊ ကိုယ့်မင်းကိုယ့်ချင်းတွေ အတွေးတွေ ဆူနေတယ်။ အဲဒီခေတ်ဗမာသတင်းစာတွေက ပင့်တယ်။ လွတ်လပ်ရေး ယူမယ်။ ဟုတ်ပြီ။ ဒါပေမယ့် ရပြီးရင် ဘာဆက် လုပ်မလဲ ဆိုတဲ့ အတွေးကို ဦးစားမပေးခဲ့ဘူး။ ရိုးဂုဏ်နဲ့ လူချစ်လူခင်များတဲ့ ဗိုလ်ချုပ်အောင်ဆန်းပင်လျှင် လွတ်လပ်ရေးရပြီးရင် စာရေးဆရာလုပ်မှာတဲ့။
အဲဒီတော့ ပင်လုံမှာ ကချင်၊ ချင်း၊ ရှမ်းနဲ့ ဗမာ ၄ မျိုးထဲက နိုင်ငံရေးသမားတချို့ လက်မှတ်ထိုးရာမှာ ဒို့အရှိုတွေ မပါခဲ့ပေမယ့် ပြည်ထောင်စုထဲ ပါရတယ် မဟုတ်လား။ နောက်ပိုင်း ဇာတ်မျော ကကြတော့လည်း အတူတူ ငတ်ရတယ် မဟုတ်လား။ (ဒါတောင် မပါခဲ့ရလို့ စိတ်မကောင်းဖြစ်နေသူတွေ ရှိနေတယ်။ တကယ့်အလွဲ)
အခုက ဒီမိုကရေစီလေ။ ဘာတွေပေးနေလို့ ဘာတွေ မရမှာ ကြောက်နေသလဲ? 


၄။ နိုင်ငံရေးသမားလည်း တခြားနယ်ပယ်က လူတွေလိုပဲ ရင့်ကျက်ဖို့ လိုတယ်။ စိတ်အားကြီးနေရုံနဲ့ မလုံလောက်ဘူး။ လူဟာ ဘာလုပ်လုပ် တနေ့တခြား ရင့်ကျက်ဖို့ လိုတယ်။ တိုင်းရင်းသားတချို့ မဲဆွယ်တော့ "ကိုယ့်လူမျိုးကို ချစ်ရင်၊ ကိုယ့်လူမျိုးပါတီကို မဲပေးပါ။" "မဲမပေးရင် ကိုယ့်လူမျိုးကို သစ္စာဖေါက်တာပဲ။" တဲ့။ ဟော - ရွေးကောက်ပွဲလည်း ရှုံးရော "ငါတို့လူမျိုးက စာမတတ်ဘူး။ ကိုယ့်လူမျိုးကို အားမပေးဘူး။" တဲ့။ တယောက်တည်း ရန်ချည်း တွေ့နေတော့တာပဲ။ 

 
လူအများကို ဦးဆောင်ဖို့ နိုင်ငံရေး လုပ်တာ မဟုတ်လား၊ စိတ်ထား မြင့်မြင့် ထားဖို့ လိုတယ်။ နိုင်ငံရေးပါတီ အများစုရဲ့ ခေါင်းဆောင်တွေ စကားပြောရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို မထိခလုတ် ထိခလုတ် တိုက်ခိုက်ကြတယ်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်မှာ ဆိုရင် ရာဇအိန္ဒြေ ဘာလေး စောင့်ကြဦးလေ။ မှီတာလည်း မဟုတ် ပခုံးချင်းက သွားသွားယှဉ်နေတာ။ နိုင်ငံရေးလောကက တကယ့်ဗရုတ်သုတ်ခ၊ တခြားနယ်ပယ်တွေမှာ ဒီလောက် မဆိုးဘူး ထင်တယ်။ ဥပမာ - ဂီတမှာ ဆိုပါစို့။ ပညာရှင်နဲ့ တွဲတီးရမယ်ဆိုရင် တက်သစ်စက ရင်တွေခုန်လို့။ ပညာနဲ့ သွားတာကိုး။ နိုင်ငံရေးမှာတော့ ပညာနဲ့မသွားဘဲ လေနဲ့သွားသလား မှတ်ရတယ်။ ဘာအထိန်းမှ မရှိ။
၅။ နိုင်ငံရေးသမားလည်း တခြားလူတွေလိုပဲ မကောင်းမှုရှောင်ရမယ်။ နိုင်ငံရေးပြောပြီး ဆဲနေသူတွေ ရှိတယ်။ ကျွန်တော့အပါ သင်ပေးတာလေး တခု သတိရမိတယ်။ "လူတွေမှာ ဆဲတာ အကျင့်ပါသွားတတ်တယ်။ အသုံးမကျဘူး လို့ ပြောရင် ရလျက်သားနဲ့၊ တချို့က ‌ေ-ာက်သုံးမကျဘူး လို့ ဆဲတတ်တယ်။ အဲလိုမ​ပြောရဘူး။ သတိထားရမယ်" တဲ့။
အခုတော့ ဆဲလိုက် ကြတာ။ အထိန်းအချုပ် မရှိ။ အရှက်အကြောက် မရှိ။ ကိုယ်မကြိုက်တာနဲ့ ဝန်ကြီးတွေ၊ အမတ်တွေကို ဆဲလိုက်ကြတာ၊ အပြစ် မဖြစ်ဘူးလား။ အပြစ်ဖြစ်ရင် ကျွန်တော်တို့ ကောင်းစားပါ့မလား?
 NLD ကို မကြိုက်တဲ့သူက ဒေါ်အောင်ဆန်းစုကြည်ကို ဆဲတယ်။ ကောင်းသလား? မကောင်းဘူး။ စစ်တပ်မကြိုက်သူတချို့က ဘာမဆီမဆိုင် ဒေါ်နယ် ထရန့်ကို ဆဲတယ်။ အဲဒီအထဲ ပညာတတ်တချို့နဲ့ အမေရိကားရောက်သူ တချို့ပါတယ်။ မြန်မာ့နိုင်ငံရေးနဲ့ အမေရိကန်နိုင်ငံရေးကို သပ်သပ်စီ စဉ်းစားပါ။ ခံစားချက်တွေ ရောမပစ်ပါနဲ့။

အမေရိကန်နိုင်ငံရေးအကြောင်းပြောရင် အမေရိကန်သမိုင်းနဲ့ ဘာသာရေး အတွေးအခေါ်တွေကို သိဖို့ လိုမယ်။ ဒီမိုဆိုတဲ့ လူတချို့ကလည်း တခါတခါ ရောကြိတ်တာ။ လူတယောက်ကို မဆီမဆိုင် စော်ကားတာ အပြစ် မဖြစ်ဘူးလား။

ကောင်းစားဖို့အတွက် အတားအဆီးတွေ ဖြစ်လာမှာ စိုးရတယ်။ တချို့ကို မေးချင်တယ်။ ပေါကြောင်ကြောင် အရူးကြီးလို့ ခင်ဗျားတို့ပြောနေတဲ့ သမတ ဒေါ်နယ် ထရန့်က သူ့သက်တမ်းပြီးလို့ မြန်မာပြည်က ခင်ဗျားတို့နေတဲ့ တိုင်း (သို့) ပြည်နယ်ကို တိုးတက်အောင် လာကူညီချင်ပါတယ် ဆိုရင် ဘယ်လို သဘောထားမလဲ။ ငြင်းကြမလား။  
ပညာရှိဆိုရိုး ရှိတယ်။ Pro 13:8 "the poor heareth not rebuke." "ဆင်းရဲသားမှာ နားမရှိဘူး" တဲ့။ "ဒေါ်နယ်တွေ၊ ဘိုင်ဒန်တွေ" ကျွန်တော်တို့မှာ ရွေးခွင့် မရှိဘူး။ တန်ရာတန်ရာ တွေးဖို့ လိုတယ်။ အဲဒီတော့ ဒေါ်နယ် ထရန့်ကို ဆဲမိသူတွေလည်း နှစ်မကုန်ခင် တောင်းပန်ကြရင် ကောင်းမယ် ထင်တယ်။  🙂 (ဒါတော့ များသွားပြီလို့ မထင်ဘူးလား။ ခေါင်ရည်ဆိုတာ ဒီလိုပဲ။ သွေးလေးလာပြီ၊ ရီဝေဝေ ဖြစ်လာပြီ၊ စကားလည်း အဆုံးအထိ ပြောလာပြီ။)
၆။ မြန်မာ့နိုင်ငံရေးက ဘာနဲ့ တူနေသလဲ။ ငယ်ငယ်က ကြည့်ဖူးတဲ့ လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲတွေလို ဖြစ်နေတယ်။

ကလေးတွေကို မခက်၊ ခက်အောင် ဂုံအိတ်စွပ် ပြေးခိုင်း၊ သုံးချောင်းထောက် ပြေးခိုင်း၊ ခုန်ခုန်ပြီး ဟပ်ရတဲ့ မုန့်စားပြိုင်ပွဲတွေခိုင်းသလို ဖြစ်နေတယ်။ ဂုံအိတ်စွပ်ပြီး မလွတ်မလပ် ပြေးခိုင်း၊ ပန်းဝင်မှ မဆိုးပါဘူး လို့ လုပ်ကြသလိုပဲ။ ကန့်သတ်ချုပ်ချယ်မှုတွေ၊ အဆီးအတားတွေ ရှိတော့ လွတ်လွတ်လပ်လပ် တိုးတက်အောင် လုပ်လို့ မရဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အခု  ကြုံနေရတာ အဲဒီကစားပွဲပဲ။ တကယ်တော့ ဒါဟာ သက်သက် ပင်ပန်းစေတယ်။ တိုးတက် မှုတွေ နှောင့်နှေးတယ်။
ကျောင်းက ကျောင်းသူလေး တယောက် T.V မှာ ဘောလုံးပွဲ ကြည့်တော့ သူပြောတဲ့စကား သတိရတယ်။ သူက မိန်းကလေးဆိုတော့ ဘောလုံးကန်တာ သိပ်စိတ်မဝင်စားဘူး။ သူက "ဘောလုံးတလုံးတည်းကို ဘာလို့ ဝိုင်းလုနေကြလဲ မသိဘူး။ တယောက် တလုံးစီ ကန်လည်း ရသားနဲ့" တဲ့။ ကျွန်တော်တို့အားလုံး ရယ်မိတယ်။ (နိုင်ငံခြား ဟာသ တခုမှာလည်း သူပြောသလိုမျိုး ဖတ်ဖူးပါတယ်။) ပြောချင်တာက လူတချို့ သဲကြီးမဲကြီး လုပ်နေတာတွေ တခြားသူတွေအတွက်က ဘာမှမဟုတ်ဘူး။ နောင်မှာ ကလေးတွေအတွက် ပျော်စေချင်ရင် ဒီအတိုင်း မုန့်ကျွေးကြပါ။ အခက်အခဲတွေလုပ်ခိုင်းပြီး အရသာခံ ကြည့်မနေကြပါနဲ့။ ဉာဉ်ကို အရင်ပြင်ရမှာ။
အဲဒီတော့ ဂုံအိတ်စွတ်ပြေးပွဲကနေ ကစားနည်း ပြောင်းပြီး၊ ထုတ်စည်းထိုးတမ်း ကစားကြမယ်။ ထမရည် (ထမင်းရည်) ပူ မလောင်အောင် ရှောင်ကြမယ်။ - အဲဒီလို လူတိုင်း တရားဥပဒေကို ကျောသားရင်သား မခွဲခြားဘဲ လေးစားလိုက်နာမယ့် အခင်းအကျင်း ဘယ်တော့ပေါ်မလဲ လို့ မြော်လင့်မိတယ်။ ဒါတောင် အကောင်းဆုံး မဟုတ်သေးဘူး။
အရှိုတယောက်အနေနဲ့တော့ ကတယ်ဆိုပြီး မနူးညံ့ဘဲ ဝါးညှပ်တွေကြား သဲထိတ်စရာ ပြေးလွှားခုန်ပေါက်နေလို့ ကြမ်းတယ် ထင်ရမယ်။ ဒါပေမယ့် တရားမျှတမှုကို ကြိုက်တယ်။ ခေါင်းအုံးရိုက်ပွဲလို သူ့လက်ထဲလည်း ခေါင်းအုံးတလုံး၊ ကိုယ့်လက်ထဲလည်း ခေါင်းအုံးတလုံး၊ သူ့ဖက်လည်း ဘယ်သူမှမပါ၊ ကိုယ့်ဖက်လည်း ဘယ်သူမှ မပါ။ ဝါးလုံးတန်းပေါ်က မျှတတဲ့ ပွဲမျိုးကို ပိုကြိုက်တယ်။ စသလို နောက်သလိုနဲ့ ခေါင်းပေါင်းချွတ်တာမျိုးကို ပိုစိတ်ဝင်စားတယ်။
ကဲ - ခေါင်ရည်သောက်တော့ မူးရောပေါ့။            ။